Ehime Maru ရေယာဉ် မတော်တဆမှုမှာ သေဆုံးခဲ့သူတွေအတွက် နှစ် ၂၀ပြည့် အောက်မေ့ဖွယ် ကျင်းပ

Hawaii ကမ်းလွန်မှာ အမေရိကန် ရေတပ်က နျူကလီးယား ရေငုပ်သင်္ဘော တစ်စင်းနဲ့ တိုက်မိပြီး ဂျပန် ငါးလုပ်ငန်း သင်တန်းကျောင်းတစ်ကျောင်းရဲ့ လေ့ကျင့်ရေး ရေယာဉ် နစ်မြုပ်သွားခဲ့ရတဲ့ မတော်တဆမှုအတွက် နှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့ အောက်မေ့ဖွယ် အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။

ဂျပန်အချိန် ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်မှာ USS Greeneville ရေငုပ်သင်္ဘောဟာ Ehime Maru ရေယာဉ်ကို တိုက်မိခဲ့ပါတယ်။ အဲဒီ ရေယာဉ်ကို ဂျပန် အနောက်ပိုင်း အဲဟီမဲ ခရိုင်က Uwajima ငါးလုပ်ငန်းဆိုင်ရာ အထက်တန်းကျောင်းက ပိုင်ပါတယ်။ ကျောင်းသားနဲ့ ဆရာအပါအဝင် လူ ၉ဦး သေဆုံးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က အဲဒီ ကျောင်းမှာ ပြုလုပ်တဲ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်သူ ၂၆၀ လောက် ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ကျောင်းသားတွေနဲ့ ကျန်ရစ်သူ မိသားစုတွေ ပါဝင်ပါတယ်။ သူတို့ဟာ မတော်တဆမှုဖြစ်ခဲ့တဲ့ မနက် ၈နာရီ ၄၃မိနစ်မှာ တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။ သေဆုံးသူ ၉ဦးကို အောက်မေ့သတိရတဲ့အနေနဲ့ နစ်မြုပ်သွားတဲ့ ရေယာဉ်က ခေါင်းလောင်းကို ၉ကြိမ် ထိုးခဲ့ပါတယ်။
ကျောင်းအုပ်ကြီး ဖြစ်တဲ့ Takechi Seiji က သေဆုံးသူတွေရဲ့ နာမည်ကို ရွတ်ဖတ်ခဲ့ပါတယ်။ သေဆုံးသူတွေ ဘယ်လောက် ဝမ်းနည်းခဲ့သလဲ ဆိုတာကို အခုအချိန်ထိ တွေးကြည့်လို့ ရတဲ့အတွက် နှစ် ၂၀ကြာပြီးတာတောင်မှ အဲဒီ မတော်တဆမှုအပေါ် ဒေါသနဲ့ ကြေကွဲဝမ်းနည်းစိတ်တွေက လျော့မသွားသေးဘူးလို့ မစ္စတာ Takechi က ပြောပါတယ်။
ဒီမတော်တဆမှုကို လုံးဝ မေ့ပျောက်လို့ မရဘူးလို့လည်း မစ္စတာ Takechi က ပြောပါတယ်။
ဒုတိယနှစ်ကျောင်းသားတစ်ဦး ဖြစ်တဲ့ Fukumoto Shoken က အဲဒီ မတော်တဆမှုဟာ သူမမွေးခင်က ဖြစ်ပွားခဲ့တဲ့အတွက် သူဟာ အထက်တန်းကျောင်း မတက်ခင်အထိ ဒါနဲ့ ပတ်သက်ပြီး လေ့လာခဲ့ရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒီအဖြစ်ဆိုးနဲ့ ပတ်သက်ပြီး လူတွေ အများအပြား သိရှိလာကြလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။