တောင်တရုတ်ပင်လယ်မှာ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုတွေ စစ်ရေးလေ့ကျင့်

တောင်တရုတ်ပင်လယ်မှာ အမေရိကန် လေယာဉ်တင်သင်္ဘော အုပ်စု ၂ ခု ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်မှုမှာ Theodore Roosevelt တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘော အုပ်စုနဲ့ Nimitz တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘော အုပ်စုက ရေယာဉ်တွေနဲ့ လေယာဉ်တွေ ပါဝင်ခဲ့တယ်လို့ အမေရိကန် အမှတ် (၇) ရေတပ်အုပ်စု က ကြေညာခဲ့ပါတယ်။
လေ့ကျင့်မှုတွေဟာ "အမိန့်ပေးမှုနဲ့ ထိန်းချုပ်မှု စွမ်းရည်တွေသာမက စစ်ဆင်ရေး အပြန်အလှန်ဆက်သွယ်မှု စွမ်းရည် တိုးတက်ရေးကို ရည်စူးပြီးလုပ်တာဖြစ်တယ်" လို့ အဲဒီကြေညာချက်ထဲမှာ ဆိုထားပါတယ်။
Theodore Roosevelt တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘော အုပ်စုရဲ့ တပ်မှူး ရေတပ် ဗိုလ်ချုပ် Doug Verissimo က ဒီလို စစ်ဆင်ရေးလုပ်ငန်းတွေကနေ "ကျွန်တော်တို့အနေနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖော်ဆောင်ရေးကို အာရုံစိုက် လုပ်ဆောင်နေတယ်ဆိုတာကို ဒီဒေသတွင်းမှာရှိတဲ့ မိတ်ဖက်နဲ့ မဟာမိတ်တွေကို ဆက်လက် ပြသနိုင်မယ်" လို့ ပြောကြားခဲ့ပါတယ်။
အရင်တစ်ကြိမ် တောင်တရုတ်ပင်လယ်မှာ အမေရိကန်ပြည်ထောင်စုက လေယာဉ်တင် သင်္ဘောအုပ်စု ၂ ခု ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တာဟာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက ဖြစ်ပါတယ်။ အင်္ဂါနေ့က လေ့ကျင့်မှုဟာ သမ္မတ Joe Biden တက်လာပြီးနောက် ပထမဦးဆုံး ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ ရေကြောင်းပိုင်နက်ဆိုင်ရာ ပြောဆိုမှုဟာ တရားမဝင်ဘူးဆိုတဲ့ အရင် သမ္မတဟောင်း Donald Trump ရဲ့ ရပ်တည်ချက်ကို မစ္စတာ Biden က ဆက်လက် ကိုင်စွဲထားပါတယ်။