WHO ရဲ့ အစီရင်ခံစာကို စေ့စေ့စပ်စပ် စစ်ဆေးဖို့ လိုအပ်တယ်လို့ အမေရိကန် ဆို

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကျွမ်းကျင်သူတွေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ အခုအချိန်မှာ လူပေါင်း ၁၀၆ သန်းကျော် ကူးစက်ခံခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ သူတို့က အဲဒီမြို့ကို သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂါနေ့က အဲဒီ WHO အဖွဲ့ရဲ့ ခေါင်းဆောင် Peter Ben Embarek က သူတို့ရဲ့ တွေ့ရှိချက်တွေအရ ဒီဗိုင်းရပ်စ်ဟာ မြို့တွင်း ဓာတ်ခွဲခန်းတစ်ခုကနေ စထွက်လာခဲ့ပုံ မရဘူး ဆိုတာကို ပြသနေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကျွမ်းကျင်သူတွေဟာ ဗိုင်းရပ်စ်ပိုးဆိုင်ရာ ဝူဟန် သုတေသနဌာနကို သွားရောက်ခဲ့ပြီး အဲဒီက အရာရှိတွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီ သုတေသနဌာနဟာ လင်းနို့တွေရဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သုတေသနပြုနေတဲ့နေရာလို့ သိရှိထားပါတယ်။ Trump အစိုးရက ဒီဗိုင်းရပ်စ်ဟာ အဲဒီဌာနကနေ စထွက်လာခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုနေခဲ့ပါတယ်။
WHO အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက တုံ့ပြန်ခဲ့ပါတယ်။
အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Jen Psaki က Biden အစိုးရဟာ တွေ့ရှိချက်တွေကို လွတ်လပ်စွာ သုံးသပ်ဖို့ လိုလားနေတယ်လို့ ပြောခဲ့ပြီး အမေရိကန် အနေနဲ့ ဝူဟန်မြို့မှာ ကွင်းဆင်းလေ့လာရေးအတွက် ကိုယ်ပိုင် အဖွဲ့ရှိဖို့ အရေးပါတယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တရုတ်ရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို WHO အဖွဲ့က ရရှိခဲ့သလား ဆိုတာနဲ့ ပတ်သက်ပြီး "စုံစမ်းနေဆဲဖြစ်တယ်" လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။