မြန်မာနိုင်ငံက ဆန္ဒပြပွဲတွေမှာ အင်အားသုံးကိုင်တွယ်တာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြော

မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအပေါ် စစ်အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေအပေါ် အင်အားအလွန်အကျွံသုံးစွဲတာကို လက်မခံနိုင်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ရာဘာကျည်ဆန်နဲ့ ပစ်ခဲ့တယ်လို့ သတင်းရရှိပြီးနောက် ကုလသမဂ္ဂက အင်္ဂါနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ နေပြည်တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြသူအများအပြား ဒဏ်ရာရရှိခဲ့ပြီး တချို့တွေဟာ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိကြောင်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းစွာစုဝေးပြီး လွတ်လပ်စွာ ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေးတွေနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လုံခြုံရေး အာဏာပိုင်တွေက လေးစားဖို့ အဲဒီကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လိုက်နာပြီး ဘယ်လို သဘောထားကွဲလွဲမှုတွေကို မဆို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့ကိုလည်း အဲဒီကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။
ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က အမေရိကန်ပြည်ထောင်စု ဟာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တဲ့လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချကြောင်း အင်္ဂါနေ့က သတင်းထောက် တွေကို ပြောခဲ့ပါတယ်။
အာဏာကိုစွန့်လွှတ်ဖို့၊ ဒီမိုကရေစီနည်လမ်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကိုပြန်လည်ဖော်ဆောင်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူ တွေကို ပြန်လွှတ်ဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားဖို့ မြန်မာစစ်တပ်ကို မစ္စတာ Price က တောင်းဆိုခဲ့ပါတယ်။