မြန်မာနိုင်ငံက ရဲ နဲ့ စစ်သားတွေ NLD ပါတီရုံးချုပ်ကို ဝင်ရောက်စီနင်း

မြန်မာနိုင်ငံက ရဲ နဲ့ စစ်သားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီရဲ့ ရုံးချုပ်ကို ဝင်ရောက်စီနင်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က စစ်တပ်ရဲ့အာဏာသိမ်းမှု နဲ့ နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့တဲ့အပေါ် နေပြည်တော်နဲ့ ရန်ကုန် အပါအဝင် မြို့တွေမှာ ကြီးမားတဲ့ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် အခုလို ဝင်ရောက်စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။
အင်္ဂါနေ့ညက ရန်ကုန်က ရုံးချုပ်ကို အဲဒီလို ဝင်ရောက် စီးနင်း ခဲ့ချိန်အတွင်း ရုံးထဲမှာ ဘယ်သူမှ ရှိမနေဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ဆက်စပ်မှုရှိတဲ့ သတင်း ရပ်ကွက်တွေက ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ မွှေနှောက်ရှာဖွေထားတာကို သူတို့တွေ့ရှိခဲ့ရတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အဲဒီလိုဝင်ရောက်စီးနင်းတာဟာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မမှန်ကန်မှုတွေရှိခဲ့တယ်လို့ စစ်တပ်က ဆိုတဲ့အပေါ်သက်သေထူဖို့အတွက် စစ်တပ်ရဲ့ ကြိုးပမ်းချက်တွေထဲက တစ်စိတ်တစ်ဒေသဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ NLD ပါတီက ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး အဲဒီရလဒ်ကို စစ်တပ်က ငြင်းဆိုနေပါတယ်။
NLD အဖွဲ့ဝင်တွေဟာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပံ့ပိုးမှုကို တောင်းခံနေတာကြောင့် ဒီဝင်ရောက်စီးနင်းမှုဟာ NLD ပါတီကို စောင့်ကြည့်စစ်ဆေးဖို့ ရည်ရွယ်ပုံလည်းရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကြီး ဖြစ်ပွားနေတာ ၅ရက်ရှိလာပြီဖြစ်ပါတယ်။ နေပြည်တော်က ဆန္ဒပြပွဲမှာ အစိုးရဝန်ထမ်းတွေလည်းပူးပေါင်းပါဝင်လာပြီး အစိုးရဝန်ထမ်းတွေ အမိန်မနာခံရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့နဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်ရင်း ချီတက်ခဲ့ကြပါတယ်။ အစိုးရဝန်ထမ်းတွေရဲ့ ဒီဆန္ဒပြပွဲကို ဦးဆောင်တဲ့သူက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန စတဲ့ဝန်ကြီးဌာန၅ခုက အစိုးရဝန်ထမ်း ထက်ဝက်ကျော် CDM လှုပ်ရှားမှုမှာ ပါဝင်နေပြီလို့ ပြောခဲ့ကြောင်း သိရပါတယ်။