မစ္စတာ Mori ရဲ့မှတ်ချက်ဟာ လုံးဝ မသင့်လျော်ကြောင်း IOC ပြော

တိုကျိုအိုလံပစ်ပွဲကျင်းပရေးကော်မတီ အကြီးအကဲက အမျိုးသမီးတွေဟာ အစည်းအဝေးပွဲတွေမှာ စကားတွေအများကြီးပြောတယ်ဆိုတဲ့ လတ်တလော ပြောခဲ့တဲ့ မှတ်ချက်ကို နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ရှုတ်ချခဲ့ပါတယ်။
ဒါဟာ လုံးဝ "မသင့်လျော်တဲ့မှတ်ချက်ဖြစ်တယ်" လို့ IOC က ပြောခဲ့ပါတယ်။ IOC က အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်စောင်ထဲမှာ မစ္စတာ Mori Yoshiro ရဲ့ အဲဒီ မှတ်ချက်တွေဟာ IOC ရဲ့ ကတိကဝတ်တွေ၊ အိုလံပစ် ပြုပြင်ပြောင်လဲမှု အစီအစဉ်၂၀၂၀ရဲ့ လုပ်ငန်းစဉ်တွေ နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
IOC က အိုလံပစ် ပဋိညာဉ်စာတမ်းထဲမှာ ဖော်ပြထားတာနဲ့အညီ အားကစားရဲ့ အဆင့်တိုင်း နေရာတိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပံ့ပိုးအားပေးဖို့ကို အလေးပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တိုကျို အိုလံပစ်ပွဲကျင်းပရေးကော်မတီနဲ့ တခြားအဖွဲ့အစည်းတွေကို သူတို့ရဲ့ လိုလားတဲ့ ဦးတည်ချက်တွေ တာဝန်ယူမှုတွေအတွင်းကနေ ပံ့ပိုးပေးဖို့ အဆင်သင့်ပဲလို့ IOC က ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မစ္စတာ Mori ဟာ ဂျပန် အိုလံပစ်ကော်မတီ ရဲ့အစည်းအဝေးတစ်ခုမှာ အမျိုးသမီးတွေဟာ စကားအများကြီးပြောတာကြောင့် ဘုတ်အဖွဲ့အစည်းအဝေးတွေဟာ အချိန်တွေကြာပြီး ငြီးငွေ့ဖွယ် ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
နောက်တစ်နေ့မှာ မစ္စတာ Mori က သူ့ရဲ့ အဲဒီမှတ်ချက်ကို ပြန်ရုပ်သိမ်းခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။
သူအဲဒီလို ပြောပြီးတဲ့နောက် သူ့ရဲ့တောင်းပန်ချက်နဲ့အတူ ဒီကိစ္စကို အဆုံးသတ်ပြီလို့ စဉ်းစားနေကြောင်း IOC က NHK ကို ပြောခဲ့ပါတယ်။