တိုကျို နဲ့ အိုဆာကာ ဧရိယာမှာ အရေးပေါ်အခြေအနေ ကြေညာချက် ဆက်လက်ထားရှိသွားနိုင်ဖွယ်ရှိ

ဂျပန်အစိုးရက အခုလက်ရှိအနေအထားမှာ တိုကျိုနဲ့ အနီးပတ်ဝန်းကျင်ဧရိယာ နဲ့ Kansai ဒေသမှာ အရေးပေါ် အခြေအနေကြေညာထားတာကို ရုပ်သိမ်းဖို့ ခက်ခဲဖွယ် ရှိတယ်ဆိုတဲ့ အမြင်ကို အသားပေး စဉ်းစား နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအနေအထားနဲ့ ခရိုင် အုပ်ချုပ်ရေးမှူးတွေရဲ့ သဘောထားတွေအပေါ် မူတည်ပြီးအခုလို စဉ်းစားနေတာဖြစ်ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာချက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သက်တမ်းကုန်ဆုံးဖို့ သတ်မှတ်ထားခဲ့ပေမယ့် တိုကျို၊ အိုဆာကာ နဲ့ တခြားခရိုင်၈ခုမှာ နောက်ထပ်တစ်လ သက်တမ်း ထပ်တိုးခဲ့ပါတယ်။
သောကြာနေ့မှာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အမြင်ကို ကြားနားပြီးနောက် ပြင်ဆင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အထူးအစီအမံ နဲ့ ပတ်သက်တဲ့ ဥပဒေအရ အစိုးရဟာ အခြေခံ တုံ့ပြန်ကိုင်တွယ်ရေး အစီအစဉ်မှာ ပြောင်းလဲမှုတစ်ချို့ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ အဲဒီဥပဒေဟာ စနေနေ့မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။
အစိုးရအဖွဲထဲမှာရှိတဲ့ တချို့တွေက Aichi၊ Gifu နဲ့ Fukuoka ခရိုင်တွေမှာ ကူးစက်မှုအသစ်အရေအတွက် မှန်မှန်ကျဆင်း နေတာကြောင့် အဲဒီဒေသတွေမှာ အရေးပေါ်အခြေအနေ ကြေညာချက်ကို ရုတ်သိမ်းဖို့ စဉ်းစားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့က ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် ပိနေတဲ့ဝန်တွေကို စဉ်းစားပြီးနောက်ပိုင်း ဆုံးဖြတ်ချက်တစ်ခုကို ဂရုတစိုက် ချမှတ်သင့်တယ်လို့ ပြောပါတယ်။