“လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်” ကို အမေရိကန် သမ္မတနဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ အတည်ပြု

အမေရိကန် သမ္မတ Joe Biden နဲ့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi တို့ဟာ လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသဖော်ဆောင်ရေးမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြပါတယ်။

မစ္စတာ Biden ဟာ မစ္စတာ Modi နဲ့ တနင်္လာနေ့က တယ်လီဖုန်းနဲ့ ပြောဆို ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ မစ္စတာ Biden သမ္မတရာထူး ရယူပြီးနောက်ပိုင်း ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံး ပြောဆိုတာ ဖြစ်ပါတယ်။
ဒေသတွင်း လွတ်လပ်တဲ့ ရေကြောင်းသွားလာခွင့်နဲ့ နယ်နမိတ် တည်တံ့ခိုင်မြဲမှုကို ပူးတွဲပံ့ပိုးဖို့၊ "အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျ ၄ နိုင်ငံ ပါဝင်တဲ့ Quad မူဘောင်က တစ်ဆင့် ဒေသတွင်း ပိုမိုအားကောင်းတဲ့ တည်ဆောက်မှု" တွေကို ခေါင်းဆောင်နှစ်ဦးတို့ အတည်ပြုခဲ့ကြတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
အရင်သမ္မတဟောင်း Donald Trump လက်ထက်မှာလည်း Quad မူဘောင်ကို အသုံးပြုပြီး အမေရိကန်ဟာ တောင်တရုတ်ပင်လယ်နဲ့ တခြားဧရိယာတွေမှာ တရုတ်ရဲ့ တိုးချဲ့လာတဲ့ ရေကြောင်းလှုပ်ရှားမှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။
တနင်္လာနေ့က ဆွေးနွေးမှုမှာ မစ္စတာ Biden အစိုးရအဖွဲ့အနေနဲ့ အလားတူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
မစ္စတာ Biden က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဒီမိုကရေစီ စံချိန်နဲ့ စံညွှန်းနဲ့ အစဉ်အလာတွေကို ကာကွယ်ဖို့ ဆန္ဒရှိကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီလမ်းစဉ် မဖြစ်မနေ ထိန်းသိမ်းသင့်တယ်ဆိုတဲ့ အချက်ကိုလည်း ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။