AstraZeneca ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အချက်အလက် ပိုမို လိုအပ်ကြောင်း WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ တောင်အာဖရိကမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်းဗိုင်းရပ်စ်အတွက် AstraZeneca ကာကွယ်ဆေးရဲ့ အစွမ်းထက်မှုကို မဆုံးဖြတ်ခင် အချက်အလက်တွေ ပိုမိုစုဆောင်းဖို့ လိုအပ်တယ်လို့ WHO က ပြောပါတယ်။

ဗြိတိန်ဆေးဝါးကုမ္ပဏီကြီး AstraZeneca နဲ့ Oxford တက္ကသိုလ်က ပူးတွဲထုတ်လုပ်ထားတဲ့ အဲဒီကာကွယ်ဆေး ထိုးနှံတာတွေကို ယာယီ ရပ်ဆိုင်း ထားရလိမ့်မယ်လို့ တောင်အာဖရိကအစိုးရက တနင်္ဂနွေနေ့က ပြောပါတယ်။
ဒီကာကွယ်ဆေးဟာ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ သိပ်မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ကာကွယ်ရာမှာ ထိရောက်မှု သိပ်ရှိပုံ မရဘူးဆိုတာကို ကနဦး လက်တွေ့စမ်းသပ်မှု အချက်အလက် တွေက ပြသနေတယ်လို့ WHO က ထောက်ပြခဲ့ပါတယ်။
WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒါဟာ "တကယ့်ကို စိုးရိမ်စရာသတင်း" ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
WHO ရဲ့ သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က "ဒီကာကွယ်ဆေးဟာ လုံးဝ မထိရောက်ဘူးလို့တော့ ကောက်ချက်မချနိုင်သေးပါဘူး" လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။ ဒါ့အပြင် " လေ့လာမှုအနည်းငယ်ကနေ ရထားတဲ့ အချက်အလက်ပဲ ကျွန်မတို့ သိထားပါသေးတယ်" လို့ ဆိုပြီး ဒီထက် အချက်အလက်တွေ ပိုလေ့လာဖို့ လိုအပ်ပါတယ်လို့ သူက အလေးထား ပြောကြားခဲ့ပါတယ်။