သင်္ဘောတိုက်မှုအတွက် ဂျပန် ကာကွယ်ရေးဝန်ကြီး တောင်းပန်

ဂျပန် အနောက်တောင်ပိုင်း ကမ်းလွန်မှာ ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ရဲ့ ရေငုတ်သင်္ဘောတစ်စင်းနဲ့ ပုဂ္ဂလိက လုပ်ငန်းသုံး ရေယာဉ်တစ်စင်း တိုက်မိခဲ့တာနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး Kishi Nobuo က တောင်းပန်ခဲ့ပါတယ်။

Souryu လို့ အမည်ရတဲ့ ရေငုတ်သင်္ဘောနဲ့ အဲဒီ ပုဂ္ဂလိက ရေယာဉ်တွေဟာ တနင်္လာနေ့တုန်းက ကိုးချိ ခရိုင်က Ashizuri အငူရဲ့ ကမ်းလွန်မှာ တိုက်မိခဲ့ကြတာဖြစ်ပါတယ်။ ရေငုတ်သင်္ဘောက ဝန်ထမ်း ၃ ဦး အနည်းငယ် ဒဏ်ရာရခဲ့ပါတယ်။ ရေငုတ်သင်္ဘောဟာ တစ်စိတ်တစ်ဒေသ ပျက်စီးသွားခဲ့ပါတယ်။
သတင်းထောက်တွေကို အင်္ဂါနေ့က ပြောဆိုရာမှာ မစ္စတာ Kishi က ဒီမတော်တဆမှုကြောင့် ပြည်သူတွေအကြား စိုးရိမ်မှုတွေ ဖြစ်စေခဲ့တာအတွက် အလွန်တရာ ဝမ်းနည်းတယ်လို့ ဆိုပါတယ်။ ဂျပန် ကမ်းခြေစောင့်တပ်က ဒီမတော်တဆမှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီစုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဒီမတော်တဆမှုကို စုံစမ်းဖို့နဲ့ နောက်ထပ် မဖြစ်အောင် ကာကွယ်တားဆီးဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာန ရေကြောင်းဦးစီးချုပ်ရုံးမှာ မတော်ဆမှု စုံစမ်းစစ်ဆေးရေး ကော်မတီကို ထူထောင်မယ်လို့လည်း သူကဆိုပါတယ်။