တိုကျို အိုလံပစ်ကျင်းပရေးကော်မတီ အကြီးအကဲရဲ့ မှတ်ချက်တွေကို ဂျပန်အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဝေဖန်

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် ကျင်းပရေး ကော်မတီ အကြီးအကဲ Mori Yoshiro ရဲ့ အမျိုးသမီးတွေအပေါ် နှိမ်ချတယ်လို့ ယူဆရတဲ့ မှတ်ချက်တွေကို ဂျပန် အိုလံပစ် ကော်မတီ (JOC) ဥက္ကဋ္ဌက အပြစ်တင် ဝေဖန်လိုက်ပါတယ်။

JOC ဥက္ကဋ္ဌ Yamashita Yasuhiro က အင်္ဂါနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Mori ရဲ့ မှတ်ချက်တွေဟာ နှိမ်ချခွဲခြားဆက်ဆံမှုတွေကို သည်းမခံတဲ့ အိုလံပစ်စိတ်ဓာတ်ကို ချိုးဖောက်နေတာကြောင့် အလွန်တရာ မသင့်လျော်ဘူးလို့ သူ့အနေနဲ့ ထပ်မံပြောကြားလိုကြောင်း မစ္စတာ Yamashita က ဆိုပါတယ်။
အငြင်းပွားဖွယ် မှတ်ချက်တွေကို မစ္စတာ Mori က ပြောကြားခဲ့တဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစည်းအဝေးမှာ မစ္စတာ Yamashita လည်း တက်ရောက်ခဲ့ပါတယ်။
မစ္စတာ Mori ရဲ့ ဒီမှတ်ချက်တွေဟာ သူ့ရဲ့ မိနစ် ၄၀ လောက်ကြာတဲ့ မိန့်ခွန်းရဲ့ တစ်ဝက်ကျော်လောက်မှာ ပြောကြားခဲ့တာဖြစ်ပြီး တခြား ခေါင်းစဉ်အများအပြားကို ဆက်လက်ပြောဆိုခဲ့တာကြောင့် သူ့အနေနဲ့ တားဆီးဖို့ အခွင့်အလမ်းကို လက်လွတ်ခဲ့ရတယ်လို့ မစ္စတာ Yamashita က ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် တိုကျိုအားကစားပွဲတွေကို ကျင်းပဖို့လိုလားနေတဲ့ အိုလံပစ် အားကစားသမားတွေဟာ တစ်ကိုယ်ကောင်းဆန်ကြောင်း တချို့လူတွေက ပြောနေကြတယ်လို့လည်း မစ္စတာ Yamashita က မှတ်ချက်ပြုခဲ့ပါတယ်။
သူက အားကစားသမားတွေက သူတို့ရဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေရဲ့ ရလဒ်ကို ပြသဖို့ ဆန္ဒတွေကို ထုတ်ဖော်တဲ့အပေါ် အပြစ်မတင်သင့်ဘူးလို့ ဆိုပြီး အားကစားသမားတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။