ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာအရေး ဆွေးနွေး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာသိမ်းခဲ့ချိန်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေကို လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းရေးအတွက် ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။

ဩစတြေးလျရဲ့ တောင်းဆိုမှုနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne တို့ အင်္ဂါနေ့က မိနစ် ၄၀ လောက် တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ကျင့်သုံးရေး အရေးပါကြောင်း သူတို့က သဘောတူခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် တာဝန်ယူနေသူ ဩစတြေးလျ နိုင်ငံသားတစ်ဦးကို ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးမှုအပြီးမှာ မစ္စတာ Motegi က သူနဲ့ မီးစ် Payne တို့ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြပြီး လက်ရှိအနေအထားတွေအပေါ် စိုးရိမ်မှုတွေ တူညီခဲ့ကြတယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံအနေနဲ့ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး ဆက်လက် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သူတို့ အတည်ပြုခဲ့တယ်လို့ မစ္စတာ Motegi က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။