မြန်မာနိုင်ငံမှာ လူ ၅ ဦးနဲ့ အထက် စုဝေးမှု တားမြစ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆက်လက် ဆန့်ကျင်ဆန္ဒပြနေကြတဲ့ အကြား စစ်အုပ်ချုပ်သူတွေက လူ ၅ ဦးနဲ့ အထက် စုဝေးမှုကို တားမြစ်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်လွှားမှာ ဆန္ဒပြမှုတွေ ကျယ်ပြန့်လာနေခဲ့ပါတယ်။
တနင်္လာနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ပထမဦးဆုံး မိန့်ခွန်းပြောခဲ့ပါတယ်။ သူက စစ်တပ်ရဲ့ အာဏာရယူမှုဟာ မှန်ကန်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဆန္ဒပြမှုတွေကို ပိတ်ဆို့ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နဲ့ တခြားမြို့တွေမှာ လူ ၅ ဦးနဲ့ အထက် စုဝေးမှုတွေကို စစ်တပ်က တားမြစ်လိုက်ပါတယ်။
နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ နိုင်ငံ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ ဒီမိုကရေစီအမည်ခံ လုပ်ရပ်တွေကို ဥပဒေနဲ့အညီ အရေးယူရမှာဖြစ်တယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်လွှင့်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ထိန်းသိမ်းခံ ခေါင်းဆောင်တွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ တစ်ပတ်ကြာလာပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတစ်ဝန်းမှာ ဆက်လုပ်သွားဖို့ ဆန္ဒပြသူတွေက စီစဉ်နေပါတယ်။ အင်္ဂါနေ့က ရန်ကုန်နဲ့ နေပြည်တော်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price တနင်္လာနေ့တုန်းက သတင်းထောက်တွေကို ပြောဆိုရာမှာ "အများပြည်သူရဲ့ လူစုဝေးခြင်းကို တားမြစ်တဲ့ စစ်တပ်ရဲ့ လတ်တလော ကြေညာချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက အလွန်တရာ စိုးရိမ်တယ်" လို့ ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားက ပြည်သူအားလုံးရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုနဲ့ ငြိမ်းချမ်းစွာ စုဝေးမှု အခွင့်အရေးတွေကို အမေရိကန်ပြည်ထောင်စုက အားကောင်းကောင်းနဲ့ ထောက်ခံသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်တပ်က လမ်းကြောင်းကို မပြောင်းလဲဘူးဆိုရင် စစ်တပ်အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို စတင်စဉ်းစားပြီး မြန်မာအစိုးရကို ပေးနေတဲ့ အထောက်အကူတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ဆိုပြီး အမေရိကန်ပြည်ထောင်စုက ချမှတ်နိုင်တဲ့ လုပ်ငန်းစဉ်တွေကို အလျင်အမြန် လုပ်ဆောင်နေတယ်လို့ မစ္စတာ Price က ဆိုပါတယ် ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် တရုတ်ကိုလည်း အပြစ်တင်ဖို့ လိုအပ်တယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။