စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ရေးအတွက် အရန်ဘတ်ဂျက်ကို ဂျပန် သုံးစွဲမယ်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့အကြား လုပ်ငန်းလည်ပတ်မှုတွေ ထိခိုက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို အရန်ဘတ်ဂျက်ထဲက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် သုံးစွဲ ထောက်ပံ့ဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။ ဒီပမာဏဟာ ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်နဲ့ သီးခြားခွဲထားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက အဲဒီလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲက အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံကို ဆိုင်ဖွင့်ချိန် လျှော့ချဖို့ အစိုးရရဲ့ တောင်းဆိုချက်ကို အကောင်အထည်ဖော်ခဲ့ကြတဲ့ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေကို အတွက် ခွဲတမ်းချမှာ ဖြစ်ပါတယ်။ ဆိုင်တစ်ဆိုင်ချင်းစီအနေနဲ့ တစ်လတာအတွက် အမေရိကန် ဒေါ်လာ ၁၇,၀၀၀ လောက်အထိ ရရှိမှာ ဖြစ်ပါတယ်။
တိုကျိုနဲ့ တခြား ခရိုင် တချို့မှာ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံအတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ် အခြေအနေကြေညာချက်ကို သက်တမ်းတိုးခဲ့တဲ့နောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေကြေညာချက်ရဲ့ ဂယက်ရိုက်မှုကို ခံစားရတဲ့ တခြား စီးပွားရေးလုပ်ငန်းတွေအတွက် တစ်လုံးတစ်ခဲတည်း ထောက်ပံ့မှုအတွက်လည်း ငွေကြေးခွဲဝေပေးထားပါတယ်။
အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေဟာ အမေရိကန်ဒေါ်လာ ၅,၇၀၀ အထိ ရနိုင်ပါတယ်။ တစ်သီးပုဂ္ဂလ လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ အများဆုံး အမေရိကန်ဒေါ်လာ ၂,၉၀၀ လောက် ရနိုင်မှာ ဖြစ်ပါတယ်။
ဒီအတွက် သုံးစွဲမှုစုစုပေါင်းဟာ အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံ ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။