ဟီရိုရှီးမား ငြိမ်းချမ်းရေးအထိမ်းအမှတ်ပြတိုက် ပြန်လည်ဖွင့်လှစ်

၁၉၄၅ ခုနှစ်က ဟီရိုရှီးမားမြို့ကို အမေရိကန်က အနုမြူဗုံးကြဲချ တိုက်ခိုက်ခဲ့တာကို ရည်စူးထားတဲ့ ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်းအမှတ်ပြတိုက်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေး အစီအမံတွေနဲ့ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။

ကူးစက်မှုတွေ တစ်ဟုန်ထိုးမြင့်တက်လာတာကြောင့် ဒီဇင်ဘာလက ပြတိုက်ကို ပိတ်ပစ်ခဲ့ရပြီးနောက်ပိုင်း တနင်္လာနေ့မှာ ပြန်ဖွင့်လှစ်ခဲ့ပါတယ်။
မနက် ၈နာရီခွဲမှာ ပြတိုက်ဖွင့်ခဲ့ပြီးတဲ့နောက် လူတွေဟာ ပြတိုက်ထဲကို ဝင်လာခဲ့ပြီး အနုမြူဗုံးရဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့အကြောင်း ဖော်ပြထားတဲ့ ဓာတ်ပုံတွေအပါအဝင် ခင်းကျင်းပြသထားတာတွေကို ကြည့်ရှုခဲ့ကြပါတယ်။
ပြတိုက်ရဲ့ ဗိုင်းရပ်စ်ထိန်းချုပ်မှုဆိုင်ရာ အစီအမံတွေရဲ့ တစ်စိတ်တစ်ဒေသအဖြစ်နဲ့ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ဧည့်သည်ဦးရေကို မိနစ် ၃၀ ကို ၂၀၀ အများဆုံး သတ်မှတ်ထားပါတယ်။ အဝင်ဝမှာ ခန္ဓာကိုယ်အပူချိန်ကို စစ်ဆေးပါတယ်။
ပြတိုက်မှာ အနုမြူဗုံးဒဏ်က အသက်ရှင်လွတ်မြောက်ခဲ့သူတွေ က သူတို့ကြုံတွေ့ခဲ့တာတွေကို ပြောပြမယ့်ပွဲတွေကို ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။
ကုလသမဂ္ဂရဲ့ နျူကလီးယားလက်နက် ပိတ်ပင်ရေးဆိုင်ရာ သဘောတူစာချုပ်အသက်ဝင်လာတာကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ပြတိုက်ကို ၂လကြာ ပိတ်ခဲ့ရတာကြောင့် မကျင်းပနိုင်ခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း မြို့အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ သူက ပြတိုက်ကို လာရောက်တဲ့သူတွေဟာ အနုမြူဗုံးရဲ့ သရုပ်မှန်ကို ကြည့်ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ မျှဝေဖို့ သူလိုလားကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။