တိုကျို အိုလံပစ်စီစဉ်သူတွေ ကျား- မ တန်းတူညီမျှရေး ကြေညာချက် ထုတ်ပြန်

တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ်ပွဲကျင်းပရေး ကော်မတီက တနင်္ဂနွေနေ့က ကော်မတီရဲ့ ဝက်ဘ်ဆိုဒ်မှာ ကျား-မ တန်းတူညီမျှရေး ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာက ဝေဖန်မှုတွေထွက်လာခဲ့တဲ့ ကော်မတီရဲ့ ဥက္ကဋ္ဌ Mori Yoshiro ရဲ့ အမျိုးသမီးဘုတ်အဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ မှတ်ချက်ကို တုံ့ပြန်ပြီး ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကျား-မ တန်းတူညီမျှရေးဟာ တိုကျိုအိုလံပစ်ပွဲ တွေရဲ့ အခြေခံမူတွေထဲက တစ်ခုဖြစ်တယ်လို့ အဲဒီကြေညာချက် မှာ ဖော်ပြထားပါတယ်။
မစ္စတာ Mori က အမျိုးသမီးတွေဟာ စကားတွေအများကြီး ပြောတာကြောင့် အမျိုးသမီးတွေပါဝင်တဲ့ ဘုတ်အဖွဲ့ အစည်းအဝေးတွေဟာ အချိန်တွေ အရမ်းကြာတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောခဲ့ပါတယ်။
"Tokyo 2020 and Gender Equality” လို့ခေါင်းစဉ်တပ်ထားတဲ့ ဒီကြေညာချက်ထဲမှာ ပွဲကျင်းပရေးကော်မတီက မစ္စတာ Mori ပြောတဲ့စကားကို ရည်ညွှန်း ဖော်ပြထားပါတယ်။ မစ္စတာ Mori က “ဂျပန်အိုလံပစ်ကော်မတီ (JOC) ကောင်စီမှာ ကျွန်တော် လတ်တလော ပြောခဲ့တဲ့မှတ်ချက်ဟာ လျော်ကန်မှုမရှိတဲ့ မှတ်ချက်ဖြစ်ပြီး ဒါဟာ အိုလံပစ်နဲ့ ပါရာလင်းပစ်စိတ်ဓာတ်နဲ့ လည်း ဆန့်ကျင်နေတယ်” လို့ ပြောခဲ့ပါတယ်။
“ကျွန်တော်ရဲ့ ဒီမှတ်ချက်တွေနဲ့ ပတ်သက်ပြီး အင်မတန်မှ နောင်တရမိ ကြောင်းနဲ့ ကျွန်တော်စော်ကားမိခဲ့တဲ့သူအားလုံးကို စိတ်ရင်းနဲ့ တောင်းပန်လိုတယ်” လို့ မစ္စတာ Mori ပြောခဲ့တဲ့စကားကိုလည်း အဲဒီကြေညာချက်မှာ ရည်ညွှန်းဖော်ပြထားပါတယ်။
“မတူကွဲပြားမှုနဲ့ လိုက်လျောညီထွေရှိမှု” ဆိုတာဟာကော်မတီရဲ့ အဓိကမျှော်မှန်းချက်ဖြစ်ပြီး ကျား-မ တန်းတူညီမျှမှုရှိရေးဟာ တိုကျိုအိုလံပစ်ပွဲတွေရဲ့ အခြေခံမူတစ်ခုဖြစ်တယ်လို့ အဲဒီကော်မတီက ပြောခဲ့ပါတယ်။ တိုကျိုအိုလံပစ်ပွဲတွေဟာ ကျင်းပခဲ့သမျှ အားကစားပွဲတွေထဲမှာ ကျား-မတန်းတူညီမျှမှု အရှိဆုံး အားကစားပွဲတွေ ဖြစ်လာလိမ့်မယ်လို့လည်း အဲဒီကော်မတီက ပြောခဲ့ပါတယ်။