တိုကျိုအိုလံပစ်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ရဲ့ မှတ်ချက်တွေက နိုင်ငံ့အကျိုးစီးပွားကို ဆန့်ကျင်ဟု ဂျပန်ဝန်ကြီးချုပ်ပြော

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲ ကျင်းပရေးကော်မတီ အကြီးအကဲ မစ္စတာ Mori Yoshiro ရဲ့ အမျိုးသမီးတွေအပေါ် ပြောဆိုလိုက်တဲ့ မှတ်ချက်တွေဟာ နိုင်ငံ့အကျိုးစီးပွားကို ဆန့်ကျင်နေတယ်လို့ ဂျပန်ဝန်ကြီးချုပ်က အတည်ပြု ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် Suga Yoshihide က တနင်္လာနေ့က ကျင်းပတဲ့ အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီအစည်းအဝေးမှာ အဲဒီအမြင်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်အိုလံပစ်ကော်မတီအစည်းအဝေး မှာ မစ္စတာ Mori က အမျိုးသမီးတွေနဲ့ ပြုလုပ်ရတဲ့ ဘုတ်အဖွဲ့အစည်းအဝေးတွေဟာ ကြာရှည်လွန်းတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မစ္စတာ Mori ဟာ အဲဒီမှတ်ချက်တွေကို ပြန်ရုပ်သိမ်းခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။
မစ္စတာ Mori ရဲ့ မှတ်ချက်ဟာ အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲတွေရဲ့ အခြေခံမူဖြစ်တဲ့ ကျား-မ တန်းတူညီမျှမှုကို ဆန့်ကျင်နေပြီး ဒီလိုပြောဆိုမှုကို လက်မခံသင့်ဘူးလို့ မစ္စတာ Suga က ပြောပါတယ်။ ဒီမှတ်ချက်စကားတွေဟာ နိုင်ငံ့အကျိုးစီးပွားကို ဆန့်ကျင်နေတယ်လို့ သူထင်ကြောင်း လည်း မစ္စတာ Suga က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မစ္စတာ Suga က မစ္စတာ Mori ကို ဒီရာထူးမှာ ဆက်ထားမလား ဆိုတာ မှတ်ချက်ပေးဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။
ဒီကိစ္စဟာ အစိုးရကနေ အမှီအခိုကင်းတဲ့ တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ် ကျင်းပရေးကော်မတီက ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် မစ္စတာ Mori က သူ့ရဲ့ မှတ်ချက်အတွက် တောင်းပန်တာကို နိုင်ငံတကာအိုလံပစ်ကော်မတီက သတိပြုမိကြောင်းနဲ့ IOC အနေနဲ့ "ဒီကိစ္စဟာ ပြီးသွားပြီ" လို့ မှတ်ယူတယ်ဆိုတာ သူ သတိထားမိကြောင်း မစ္စတာ Suga က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။