ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတိပေးနှိုးဆော်ခဲ့သူ တရုတ် ဆရာဝန် သေဆုံးခဲ့တာ တစ်နှစ်ပြည့်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်ပွားတဲ့ အစောပိုင်းအဆင့်တွေမှာ သတိထားကြရေးနှိုးဆော်ဖို့ ကြိုးပမ်းခဲ့တဲ့ တရုတ်ဆရာဝန်တစ်ဦး သေဆုံးခဲ့တာ တနင်္ဂနွေနေ့မှာ ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် မစ္စတာ လီ ဝမ်လျန် (Li Wenliang) ဟာ ဝူဟန်မြို့က ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ မျက်စိအထူးကု ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။
မစ္စတာ လီဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဝူဟန်မြို့တွင်းက အဆုတ်ရောင်ရောဂါ ဖြစ်ပွားတဲ့ အကြောင်းအရာမျိုးစုံနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ စကားပြောဖို့ စုဖွဲ့ထားတဲ့အဖွဲ့ကို သတိပေးချက်တစ်ခု ပို့ခဲ့ပါတယ်။
အာဏာပိုင်တွေက မစ္စတာ လီ ဟာ သတင်းအမှားတွေ ဖြန့်နေတယ်လို့ စွပ်စွဲပြီး သူ့ကို ပြင်းပြင်းထန်ထန်သတိပေးခဲ့ ပါတယ်။ နောက်ပိုင်းမှာ မစ္စတာ လီ ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး မနှစ်က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။
မစ္စတာလီရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ သူသေဆုံးပြီး ၁ နှစ်ပြည့် မှာ တရုတ်သတင်းမီဒီယာတွေက အနည်းအကျဉ်း ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လနှောင်းပိုင်းအထိ ဝူဟန်မှာ ကျင်းပတဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ပြခန်းမှာ ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အသက်ပေးခဲ့တဲ့ “အာဇာနည်တွေ” ထဲက တစ်ဦးအဖြစ် မစ္စတာ လီကို ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ နောက်ခံအကြောင်းအရာကို အတိုချုပ်သာ ဖော်ပြထားပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အစောပိုင်းသတိပေးချက် ထုတ်ဖော်ဖို့အတွက် မစ္စတာလီရဲ့ ကြိုးပမ်းချက်တွေကို ဖော်ပြမထားပါဘူး။
ဒါပေမဲ့ သမ္မတ Xi Jinping ရဲ့ ခေါင်းဆာင်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကိုတော့ အဲဒီပြခန်းမှာ ထင်ထင်ရှားရှား ပြသထားပါတယ်။
သေဆုံးသွားတဲ့ အဲဒီဆရာဝန်က အားကောင်းတဲ့ လူ့အဖွဲ့အစည်းမှာ သတင်းအချက်အလက်တွေကို ထိန်းချုပ်တဲ့ အာဏာပိုင်တွေကို မေးခွန်းထုတ်ဖို့အသံ တစ်သံထက် မက ရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။