စစ်တပ်က နှိပ်ကွပ်မှုတွေရှိပေမဲ့ မြန်မာတွင် ဆန္ဒပြမှုမြင့်တက်

စစ်တပ်က အာဏာသိမ်းခဲ့တာ သီတင်းတစ်ပတ်အကြာမှာ မြန်မာနိုင်ငံအနှံ့က ပြည်သူတွေဟာ လမ်းတွေပေါ်မှာ ဆန္ဒပြတာ တွေကို ပိုမိုလုပ်ဆောင်လာကြပါတယ်။

သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ တနင်္လာနေ့က ရန်ကုန်မြို့မှာ စုဝေးခဲ့ကြပြီး နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူနဲ့ သမ္မတ ဦးဝင်းမြင့် တို့ဟာ တခြားသူအများအပြားနဲ့အတူ တနင်္လာနေ့မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်နဲ့ ကန့်ကွက်ဆန္ဒပြကြဖို့ အင်တာနက်ကနေတဆင့် တောင်းဆိုလှုံ့ဆော်တာတွေကို လူငယ်တွေက လုပ်ဆောင်နေကြတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ပြည်သူ့ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ ဆရာမတွေလည်း ပါဝင်လာကြပြီလို့ သူတို့က ဆိုကြပါတယ်။
နေပြည်တော်မှာလည်း ဒီမိုကရေစီရေးလိုလားတဲ့ကြွေးကြော်သံ တွေကို ဟစ်ကြွေးကြတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေနဲ့ ထိုးပက်ခဲ့ကြပါတယ်။ လူတချို့ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဆိုပါတယ်။
နိုင်ငံပိုင်ရုပ်မြင်သံကြားကလည်း တနင်္လာနေ့မှာ ကြေညာချက် တစ်စောင်ကို ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် ၊ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိပါးအောင် လုပ်တဲ့သူတွေကို မမှန်မကန်လုပ်ဆောင်မှုတွေနဲ့ တရားစွဲဆိုမှာ ဖြစ်တယ်လို့ ပါဝင်တဲ့အကြောင်း Reuters က အစီရင်ခံ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက သူ့ရဲ့ အမှုသည်ဟာ နေပြည်တော်မှာရှိတဲ့ နေအိမ်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ် လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်လုပ်ဖို့ သူ့ကို ခွင့်မပြုဘူးလို့ NHKကို အဲဒီရှေ့နေက ပြောပြပါတယ်။