လူတိုင်းကာကွယ်ဆေးထိုးနိုင်ရေး ဂျပန်အစိုးရ သေချာပေါက် လုပ်ဆောင်မည်

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က သူ့ရဲ့အစိုးရဟာ နိုင်ငံတွင်းရှိသူအားလုံး ကာကွယ်ဆေးထိုးနိုင်ရေးအတွက် သေချာအောင်လုပ်ဆောင်မယ်လို့ အလေးပေးပြောဆိုလိုက် ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် အဲဒီကာကွယ်ဆေးဟာ အဓိကသော့ချက်ဖြစ်ပါတယ်။
မစ္စတာ Suga က ကာကွယ်ဆေးထိုးရေးကိစ္စမှာ ဂျပန်ဟာ အနောက်နိုင်ငံတွေထက် နောက်ကျကျန်ရစ်နေပြီဆိုတဲ့ရှုမြင်မှု ကို သတိပြုမိပါတယ်လို့ အောက်လွှတ်တော်ကော်မတီတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။
ဂျပန်မှာ ကူးစက်မှုအရေအတွက်ဟာ အနောက်နိုင်ငံတွေထက် စာရင် အများကြီးနည်းပါးတယ်ဆိုတာနဲ့ အဲဒါကြောင့် လက်တွေ့စမ်းသပ်မှု ရလဒ်ထွက်ပေါ်လာရေးအတွက် အချိန်ယူတာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ကာကွယ်ဆေးဟာ လူမျိုးနွယ်စုပေါ်မူတည်ပြီး တုံ့ပြန်မှုကွဲပြား ဖွယ်ရာရှိတဲ့အတွက် ဂျပန်လူမျိုးတွေမှာလည်း လက်တွေ့စမ်းသပ်မှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။ အဲဒီလိုကာကွယ်ဆေးထိုးတဲ့လုပ်ငန်းစဉ်ကို ခွင့်ပြုဖို့ အချိန်ကြာကြာယူရတယ်ဆိုတာဟာ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းစိတ်ချရမှုကို သေချာစေဖို့လုပ်ဆောင်ရန် လိုအပ်တဲ့အတွက်ဖြစ်တယ်လို့ မစ္စတာ Suga က ဆိုပါတယ်။
ကာကွယ်ဆေးထိုးရေးဆိုင်ရာတာဝန်ခံဝန်ကြီးဖြစ်တဲ့ Kono Taro က ဖေဖော်ဝါရီလယ်ပိုင်းလောက်မှာ စတင်ဖို့ မျှော်လင့်ထားတဲ့ ဦးစားပေးထိုးပေးရမယ့်သူတွေအတွက် လိုအပ်တဲ့ကာကွယ်ဆေးပမာဏ လုံလုံလောက်လောက်ရဖို့ရာ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
မစ္စတာ Kono က အစိုးရအနေနဲ့ သက်ကြီးရွယ်အိုတွေကို ဧပြီလ မှာ စတင်ထိုးပေးဖို့ ရည်ရွယ်ထားတယ်ဆိုတာနဲ့ အမေရိကန်ဆေးကုမ္ပဏီ Pfizer က ထုတ်တဲ့ဆေးကို သုံးမှာ ဖြစ်တယ်လို့ ပြောပါတယ်။