Aomori က အိတ်မစွပ်ဘဲစိုက်တဲ့ ပန်းသီးတွေကို ဗီယက်နမ်မှာ လျှော့စျေးနဲ့ ရောင်းချ

ဂျပန်နိုင်ငံမြောက်ပိုင်း အာအိုးမိုရီ(Aomori) ခရိုင်က အိတ်မစွပ်ဘဲ စိုက်ပျိုးထားတဲ့ ပန်းသီးတွေကို ဗီယက်နမ်နိုင်ငံမှာ တရုတ်နှစ်သစ်ကူးအကြို ပထမဆုံးအကြိမ် လျှော့စျေးနဲ့ ရောင်းချခဲ့ပါတယ်။
ဗီယက်နမ်မှာ တရုတ်နှစ်သစ်ကူး အားလပ်ရက်တွေအတွင်း ဆွေမျိုးတွေနဲ့ ဖောက်သည်တွေကို အသီးအနှံတွေနဲ့ အရက်အဖျော်ယမကာတွေကို လက်ဆောင်ပေးတဲ့ အလေ့အထရှိပါတယ်။
အာအိုးမိုရီ(Aomori) ခရိုင်ဟာ ဂျပန်မှာ ပန်းသီးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့တဲ့ ၆နှစ်ကတည်းက ဗီယက်နမ်ကို ပန်းသီးတွေတင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မတိုင်မီအထိ အိတ်စွပ်စိုက်ပျိုး ထားတဲ့ ပန်းသီးတွေကိုသာ တင်ပို့ခဲ့ပါတယ်။
ဒါပေမဲ့ မြို့တော်Hanoi မှာရှိတဲ့ သစ်သီးဆိုင်တွေဟာ အိတ်မစွပ်ဘဲ စိုက်ပျိုးထားတဲ့ ပန်းသီးတွေက ပိုချိုတယ်လို့ ဆိုခဲ့ပြီး အဲဒီပန်းသီးတွေကို အိတ်စွပ်စိုက်ပျိုးထားတဲ့ ပန်းသီးတွေနဲ့ အတူ စတင်ရောင်းချခဲ့ပါတယ်။
အိတ်မစွပ်ထားတဲ့ ပန်းသီးတွေကို မတင်ပို့မီ ရောဂါပိုးတွေနဲ့ ပိုးမွှားတွေမကပ်ငြိအောင်ကာကွယ်ဖို့ အေးတဲ့နေရာမှာ တစ်လ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
အသစ်ရောက်လာတဲ့ ပန်းသီးတွေကို မြည်းစားကြည့်ခဲ့တဲ့ အသက်၂၇နှစ် အရွယ် အမျိုးသားတစ်ဦးက အဲဒီပန်းသီးတွေဟာ စျေးနည်းနည်းကြီးပေမယ့် အရသာချိုတယ်လို့ ပြောခဲ့ပါတယ်။
ပန်းသီးတင်ပို့တဲ့ JA Zen-noh Aomori ကုမ္ပဏီက အလျင်အမြန် ကြီးထွားနေတဲ့ ဗီယက်နမ်စျေးကွက်မှာ စျေးကွက်ချဲ့ထွင်နိုင်ဖို့အတွက် စားသုံးသူတွေရဲ့ ဒီပန်းသီးတွေအပေါ် တုန့်ပြန်မှုတွေကို အသေအချာ လေ့လာသွားဖို့ စီစဉ်ထားပါတယ်။