Kunashiri နဲ့ Shikotan ကျွန်းစုတွေမှာ ကာကွယ်ဆေးထိုးဖို့ ရုရှား အားပေး

Kunashiri နဲ့ Shikotan ကျွန်းစုတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးဖို့ ရုရှားက အားပေးနေပါတယ်။ အဲဒီကျွန်းစုတွေကို ရုရှားက ထိန်းချုပ်ထား ပါတယ်။ ဂျပန်က အဲဒီကျွန်းစုတွေကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုပါတယ်။
ကျွန်းစု၂ခုမှာရှိတဲ့ လူဦးရေ စုစုပေါင်း ၁၂,၀၀၀လောက်ထဲက ၂၀၀ကျော်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အဲဒီကျွန်းစုတွေက ကျန်းမာရေး အရာရှိတွေက ဆိုပါတယ်။
ဒီဇင်ဘာလက Sakhalin ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က စတင်ခဲ့တဲ့ အစီအစဥ်အရ ရုရှားနိုင်ငံကထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ထိုးဖို့ အဲဒီကျွန်းစုတွေက ဆေးရုံတွေမှာ နေ့စဉ် ကြိုတင်စာရင်းပေးလို့ရပါတယ်။
Kunashiri ကျွန်းမှာရှိတဲ့ ဆေးခန်းရဲ့ ဒါရိုက်တာတစ်ဦးက ကျွန်း၂ကျွန်းက လူ ၂၇၀ လောက်ဟာ ကာကွယ်ဆေးပထမအကြိမ် ထိုးထားပြီးပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။
အဲဒီဒါရိုက်တာက ဒီကျွန်းစုတွေမှာ ကာကွယ်ဆေးထိုးမှုတွေကို ရုရှားနိုင်ငံတွင်း နဲ့ အချိန်တူ ဒါမှမဟုတ် နည်းနည်းစောပြီးစတင်ခဲ့တယ်လို့ ဆိုပြီး ဝေးလံခေါင်ဖျားတဲ့ ကျွန်းစုတွေကသူတွေအတွက် ကာကွယ်ဆေး ထိုးဖို့ အရေးကြီးကြောင်း အလေးအနက် ပြောခဲ့ပါတယ်။
ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ဟာ Kunashiri ကျွန်းမှာ ကွန်ပျူတာစနစ်နဲ့ တစ်ကိုယ်လုံးကို ဓာတ်မှန်ရိုက်ပြီး ရောဂါရှာဖွေနိုင်တဲ့ CT scan စက်တွေနဲ့ သွေးတွင်း အောက်စီဂျင်ပမာဏကို တိုင်းတာနိုင်တဲ့ ကိရိယာတွေကို တပ်ဆင်ခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာ ဆေးရုံအသစ်တစ်ရုံတည်ဆောက်ဖို့လည်း စီစဉ်ထားပါတယ်။
ဝေးလံခေါင်ဖျားတဲ့ကျွန်းစုတွေမှာ လူဦးရေ တိုးပွားလာစေဖို့ အတွက် သမ္မတ Vladimir Putin အစိုးရရဲ့ အစီအစဉ်ထဲက တစ်စိတ်တစ်ဒေသအဖြစ် အဲဒီကျွန်းစုတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ တိုးတက်အောင် လုပ်နေတာ ဖြစ်ပါတယ်။
ရုရှားက ထိန်းချုပ်ထားတဲ့ကျွန်း ၄ ကျွန်းကို ဂျပန်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုပါတယ်။ ဂျပန်အစိုးရက အဲဒီကျွန်းတွေဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တရားမဝင် သိမ်းပိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဂျပန်မှာ ဒီတနင်္ဂနွေနေ့ကို “မြောက်ပိုင်း ပိုင်နက်နယ်မြေနေ့” အဖြစ် သတ်မှတ်ထားပါတယ်။ ဂျပန်ဟာ ဒီအရေးကိုဖြေရှင်းဖို့နဲ့ ရုရှားနဲ့ ငြိမ်ချမ်းရေး စာချုပ်ကို အပြီးသတ်ချုပ်ဆိုနိုင်ဖို့ အင်တိုက်အားတိုက် ညှိနှိုင်းမှုတွေက တစ်ဆင့် ကြိုးပမ်းနေပါတယ်။