တိုကျိုကSave Myanmar လူထုဆန္ဒပြပွဲမှာ လူ၅၀၀၀ ပါဝင်ဆန္ဒထုတ်ဖော်

တိုကျိုက မြန်မာသံရုံးအပြင်ဘက်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုမှာ လူ၅၀၀၀ လောက်စုဝေးခဲ့ကြပြီး တနင်္လာနေ့က စစ်တပ်အာဏာသိမ်းမှုမှာ ထိန်းသိမ်းခံ ခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့တောင်းဆို ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ က ဆန္ဒပြပွဲမှာတက်ရောက်ခဲ့သူတွေဟာ ‌ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံတွေနဲ့ “Save Myanmar” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပြီး၊ “ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” “ စစ်အစိုးရအလိုမရှိ “ စတဲ့ ကြွေးကြော်သံတွေနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။
ဂျပန်မှာ ပညာသင်နေတဲ့ကျောင်းသူတစ်ယောက်က မြန်မာနိုင်ငံမှာ အင်တာနက်ဆက်သွယ်မှုတွေဖြတ်တောက်ခံထားရပြီး ပြည်သူတွေဟာ ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ ကြုံနေရကြောင်း၊ ဂျပန်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကနေ အကူအညီပေးဖို့ လိုလားကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးကတော့ အခုချိန်မှာ ဘာမှမလုပ်ဆောင်ဘူး ဆိုရင် တိုင်းပြည် အနာဂတ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံရမှာဖြစ်တယ် လို့ ပြောပြီး၊ ဂျပန်ရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။
ပြည်ပမှာရောက်နေသူတွေကလည်း နိုင်ငံတွင်းကသူတွေနဲ့ အတူတိုက်ပွဲဝင် နေတယ်ဆိုတာကို မြန်မာနိုင်ငံက ပြည်သူတွေကို သိစေလိုကြောင်း ဆန္ဒပြပွဲ စီစဉ်သူတစ်ဦးက ပြောခဲ့ပါတယ်။