သက်ကြီးဂေဟာတွေမှာကိုဗစ်-၁၉ ရောဂါစမ်းသပ်မှုတွေ အရှိန်မြှင့်မယ်

ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအရေးပေါ်အခြေအနေကြေညာထား တဲ့ ခရိုင် ၁၀ ခုက သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုဂေဟာတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်ပါတယ်။

အဲဒီဂေဟာတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေများလာနေတာကို တုံ့ပြန်တဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။
ဘယ်ဂေဟာတွေက စမ်းသပ်စစ်ဆေးမှုလုပ်ဖို့ဆန္ဒရှိလဲ ဆိုတာကို စာရင်း‌ ကောက်ယူပြီး၊ လာမည့် သောကြာနေ့နောက်ဆုံးထားပြီး စမ်းသပ်မှု အစီအစဉ်တွေကို တင်ပြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ခရိုင်အုပ်ချုပ်‌ရေး အဖွဲ့တွေကို ညွှန်ကြားထားပါတယ်။
စမ်းသပ်မှုတွေလုပ်မည့်အချိန်ကာလနဲ့ ‌ဂေဟာက ဝန်ထမ်းတွေအပြင် အဲဒီမှာ နေထိုင်သူတွေ ပါ မပါ စတဲ့အချက်တွေ အစီအစဉ်မှာ ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါတယ်။
စမ်းသပ်စစ်ဆေးမှု ကုန်ကျစရိတ် အားလုံးကို အစိုးရကကျခံဖို့စီစဉ်ထား‌တယ် လို့ ဝန်ကြီးဌာနက ပြောပါတယ်။
စမ်းသပ်မှုတွေကိုနောက်လ အကုန်နောက်ဆုံးထားပြီး အပြီးလုပ်ဆောင်နိုင် မယ်လို့ ခန့်မှန်းထားကြောင်းနဲ့ ရလဒ်တွေကို ဝန်ကြီးဌာနဆီ ခရိုင်အသီးသီးက အစီရင်ခံဖို့ လိုပါတယ်။
ဖေဖော်ဝါရီလ ၁ရက်နေ့က စပြီး ၇ ရက်တာကာလအတွင်း လူအစုလိုက် ဗိုင်းရပ်စ်ကူးစက်ခံရမှုဖြစ်ခြင်း ဒါမှမဟုတ် တစ်နေရာတည်းမှာ လူ ၂ဦးထက် မနည်းကူးစက်ခံရခြင်းတွေ့ရှိမှုပေါင်း ၂၆၁ မှုကို ဝန်ကြီးဌာနက အတည်ပြု ခဲ့ပါတယ်။
အဲဒီအထဲက ၃ ပုံ ၁ ပုံကျော် ဒါမှမဟုတ် ၉၅ မှု ဟာ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်မှုဂေဟာတွေမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။
အစုလိုက်ကူးစက်မှုအတော်များများဟာ ဝန်ထမ်းတွေကတစ်ဆင့် ‌‌‌ဂေဟာမှာ နေထိုင်သူတွေဆီ ကူးစက်ခဲ့တာဖြစ်ပါတယ်။