အရေးပေါ်အခြေအနေရုတ်သိမ်းဖို့ဂျပန်အစိုးရသုံးသပ်နေ

ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအ‌ရေးပေါ်အခြေအနေကြေညာထားတဲ့ သက်တမ်းကုန်ဆုံးရက်ဖြစ်တဲ့ မတ်လ ၇ ရက်နေ့မတိုင်ခင် ပြန်လည်ရုတ်သိမ်း နိုင်တဲ့ ဒေသရှိ မရှိ သုံးသပ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအထူးစီမံဆောင်ရွက်ချက်ဥပဒေပြင်ဆင်ချက်ဟာ စနေနေ့က စပြီး အသက်ဝင်လာဖို့ ရှိတဲ့အတွက် အစိုးရဟာ ရောဂါကူးစက်မှု အန္တရာယ်လျှော့ချနိုင်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေမှာ အဲဒီပြင်ဆင်ချက်ကို ထင်ဟပ်စေနိုင်မယ့် နည်းလမ်းတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေ‌ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့ဝန်းကျင်မှာ အစည်းအဝေးလုပ်မယ်လို့ မျှော်လင့်ရပါတယ်။
အရေးပေါ်အခြေအနေ ကြေညာထားခြင်းမရှိတဲ့ ဒေသတွေမှာလည်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုအန္တရာယ်‌လျှော့ချနိုင်ရေး စီမံဆောင်ရွက်ချက်တွေကို လုပ်ဖို့ ပြင်ဆင်ထားပြီးဥပဒေအရ ခွင့်ပြုထားပါတယ်။
တစ်ချို့ဒေသတွေမှာကူးစက်မှုအသစ်လျော့ကျလာနေတဲ့ အတွက် ဘယ်ခရိုင် တွေမှာ အရေးပေါ်အခြေအနေ ရုတ်သိမ်းနိုင်မလဲဆိုတာ အစိုးရက သုံးသပ်နေ ပါတယ်။
တိုကျိုမြို့တော်အပါအဝင် ခရိုင် ၁၀ ခုမှာ မတ်လ ၇ ရက်နေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာအရေးပေါ် အခြေအနေ သက်တမ်းတိုးထားပြီးဖြစ်ပါတယ်။
တကယ်လို့ ဗဟိုအစိုးရကို အရေးပေါ် အခြေအနေရုတ်သိမ်းဖို့ တောင်းဆိုခဲ့ မယ်ဆိုရင်၊ စီမံဆောင်ရွက်ချက်တွေကို တစ်ဆင့်ပြီးမှတစ်ဆင့် လျှော့ချလုပ် ဆောင်ဖို့လည်း မေတ္တာရပ်ခံမယ်လို့ Osaka မြို့အုပ်ချုပ်ရေးမှူး Yoshimura Hirofumi က ပြောပါတယ်။
စနေနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများအဖွဲ့ ရဲ့ အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးအတော်များများက စီမံဆောင်ရွက်ချက် အဆင့်ဆင့် ကျင့်သုံးမှုနဲ့ပတ်သက်ပြီး ဗဟိုအစိုးရကနေ စံသတ်မှတ်ချက်တွေ ချမှတ်ပေးဖို့ လိုလားနေကြပါတယ်။
အစိုးရက အရေးပေါ်အခြေအနေ ရုတ်သိမ်းပြီးနောက်ပိုင်းမှာလည်း ကူးစက်မှု တွေ မြင့်တက်လာခဲ့မယ်ဆိုရင်၊ နေရာအလိုက် စီမံဆောင်ရွက်ချက်တွေကို ချမှတ်လုပ်ဆောင်နိုင်ဖို့ ခရိုင် ၁၀ ခုမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရဲ့ အနေအထားကို လေ့လာဆန်းစစ်မှုတွေ ဆက်လုပ်သွားမှာ ဖြစ်ပါ တယ်။ စီမံဆောင်ရွက်ချက်တွေကို အဆင့်လိုက်လျှော့ချပေးရေးကို အစိုးရက စဉ်းစားဆောင်ရွက်နေပါတယ်။