WTO အကြီးအကဲအဖြစ် နိုက်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်ကို အမေရိကန်ထောက်ခံ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဦးဆောင်မယ့်သူကို ရွေးချယ်မှုမှာ နိုက်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်ကို ခိုင်ခိုင်မာမာထောက်ခံတယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီလိုထောက်ခံမှုက လအတော်ကြာ လစ်လပ်မှုဖြစ်နေတဲ့ WTO အကြီးအကဲနေရာကို တစ်ခဲနက်အတည်ပြုထောက်ခံမယ့်လမ်း ပွင့်သွားပြီဖြစ်ပါတယ်။
နိုက်ဂျီးရီးယားဘဏ္ဍာရေးဝန်ကြီးဟောင်း Ngozi Okonjo-Iweala ဟာ WTO ညွှန်ကြားရေးမှူးချုပ်ရာထူးအတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ‌ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရှိထားပါတယ်။ ဒါ‌ပေမဲ့ သမ္မတဟောင်း Donald Trump အစိုးရက တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီး Yoo Myung-hee ကို ထောက်ခံတဲ့အတွက် အများသဘောနဲ့အညီဆုံးဖြတ်ရေးကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။ မီးစ် Yoo Myung-hee က ဝင်အရွေးခံမှုကနေ သူနုတ်ထွက်ပြီလို့ သောကြာနေ့မှာ ကြေညာခဲ့ ပါတယ်။ အဲဒီနေ့နှောင်းပိုင်းမှာလည်း အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မီးစ် Yoo Myung-hee ရဲ့ နုတ်ထွက်တဲ့ ဆုံးဖြတ်ချက်ကို လေးစားအသိအမှတ်ပြုပါတယ်လို့ ဆိုပါတယ်။
တကယ်လို့သာ မီးစ် Okonjo-Iweala ရဲ့ ခန့်အပ်မှုကို လက်ခံအတည်ပြုလိုက်ပြီဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို စောင့်ကြပ်ကြည့်ရှုမယ့် ထိပ်တန်းရာထူးကို ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်း ပထမဦးဆုံးရယူမှာဖြစ်ပါတယ်။ အရင်အကြီးအကဲဟာ အချိန်စောပြီး ရာထူးနေရာကနေ နုတ်ထွက်ခဲ့ပါတယ်။