မြန်မာစစ်တပ်ခန့်အပ် နိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်းမှုကို ကာကွယ်ပြောဆို

တနင်္လာနေ့မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က ခန့်အပ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဂျပန်နဲ့ တခြားနိုင်ငံတွေက သံအမတ်တွေကို အွန်လိုင်း ကနေတဆင့် ကာကွယ်ပြောဆိုခဲ့ပါတယ်။

နိုင်ငံပိုင်ရုပ်မြင်သံကြားရဲ့ သောကြာနေ့ကထုတ်လွှင့်တဲ့ သတင်းအစီရင်ခံချက်မှာ မနှစ်ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မမှန်မကန်မှုတွေဖြစ်ခဲ့တာတွေကို ရွေးကောက်ပွဲကော်မရှင်က လျစ်လျူရှုခဲ့ပြီး အဲဒါနဲ့ပတ်သက်ပြီး သက်သေထူဖို့တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တယ်လို့ သံတမန်တွေကို ဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဒီလိုလုပ်ရုံကလွဲပြီး တခြား‌ရွေးစရာမရှိခဲ့ဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေဟာ ကျောင်းသားတွေ ၊ ကျန်းမာ‌ရေးဝန်ထမ်းတွေ ၊ အစိုးရရုံးဝန်ထမ်းတွေအကြား ပျံ့နှံ့နေပါတယ်။ အာဏာပိုင်တွေက လူအများအပြားကို ထိန်းသိမ်းခဲ့ပါတယ်။
မီဒီယာတွေမှာ ပါဝင်တဲ့အကြောင်းအရာတွေကို ထိန်းချုပ်ဖို့အတွက် စစ်တပ်အကြီးတန်းအရာရှိတွေပါတဲ့ ကော်မတီသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီလို့လည်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။
ကန့်ကွက်ဆန္ဒပြမှုတွေကို စည်းရုံးလှုံ့ဆော် ဖို့ လူတွေအသုံးပြုနေတဲ့ လူမှုဆက်သွယ်ရေးကွန်ယက်အပါအဝင် မီဒီယာကို ပိုပြီးတင်းတင်းကျပ်ကျပ်ချုပ်ကိုင်ဖို့ အာဏာပိုင်တွေဟာ လုပ်ဆောင်တာလို့ တွက်ဆရပါတယ်။