ကိုဗစ်ကာကွယ်ဆေး အကျိုးကျေးဇူးက ဆိုးကျိုးထက်ပိုမိုဟု ဗြိတိန်ပြောဆို

ဗြိတိန်နိုင်ငံက ဆေးဝါးဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးထိုးတာရဲ့ အကျိုးကျေးဇူးဟာ ဆိုးကျိုးထက် ပိုမိုများပြားတယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ပြသနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

Medicine and Healthcare products Regulatory Agency က ဘေးကင်းစိတ်ချရမှုဆိုင်ရာစောင့်ကြည့်မှုနဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာလေ့လာဆန်းစစ်မှုကရတဲ့ ဒေတာတွေကို သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Pfizer ကထုတ်လုပ်တဲ့ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ထိုးခဲ့ပြီး ဇန်နဝါရီလမှာတော့ AstraZeneca က ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ ဇန်နဝါရီလနှောင်းပိုင်းအထိ ပထမအကြိမ်ကာကွယ်ဆေးထိုးခဲ့ပြီးတဲ့ သူ ၇၁၆၀၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ၁၁၄ ဦးပဲ ဓာတ်မတည့်တဲ့အတွက်ဖြစ်ပေါ်တဲ့ စိုးရိမ်စရာဖြစ်ရတဲ့ အခြေအနေအပါအဝင် ဆိုးဆိုးရွားရွား ယားယံမှုဖြစ်တာ ရှိခဲ့ပါတယ်။
အဲဒီဒေတာတွေက လက်မောင်းရှိ ဆေးထိုးတဲ့နေရာတဝိုက်မှာ ယောင်ကိုင်းတာ၊ တုပ်ကွေးဖြစ်သလိုမျိုးလက္ခဏာ၊ ခေါင်းကိုက်တာ ၊ ချမ်းစိမ့်စိမ့်ဖြစ်တာ ၊ ပင်ပန်းနွမ်းနွယ်တာ ၊ ကြွက်သားနာကျင်တာ အပါအဝင် ဘေးထွက်ဆိုးကျိုးလို့ သံသယဖြစ်ဖွယ်ရာ အစီရင်ခံချက် ၂၂၈၂၀ ရှိတယ်လို့ ပြသနေပါတယ်။ အဲဒီလိုဖြစ်တာမျိုးဟာ ကာကွယ်ဆေးထိုးပြီးပြီးချင်းဖြစ်ပေါ်တာဖြစ်ပြီး၊ အဲဒီလိုဖြစ်ပြီး တစ်ရက် နှစ်ရက်အတွင်းမှာ ပျောက်သွားခဲ့ပါတယ်။
ဗြိတိန်က အဲဒီအေဂျင်စီက ဓာတ်မတည့်လို့ ဖြစ်ပေါ်တဲ့ စိုးရိမ်ရတဲ့ အခြေအနေမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပြီး တခြားကာကွယ်ဆေးတွေထိုးတဲ့အခါ မျိုးအားလုံးနီးပါးမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တခြား တုံ့ပြန်တဲ့ လက္ခဏာတွေဟာ ဘယ်ကာကွယ်ဆေးပဲထိုးထိုး ဖြစ်နိုင်တယ်လို့ လည်း ဆိုပါတယ်။