နိုင်ငံပေါင်း ၁၃၀ နီးပါးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး မထိုးရသေးဘူးလို့ WHO အကြီးအကဲ ပြော

နိုင်ငံပေါင်း ၁၃၀ နီးပါးမှာ ဘယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး မှ မထိုးရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ အကြီးအကဲ က ဆိုပါတယ်။ အဲဒီနိုင်ငံတွေမှာ လူဦးရေ စုစုပေါင်း ၂.၅ ဘီလီယံ လောက်ရှိတာ ဖြစ်ပါတယ်။

WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သောကြာနေ့က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတာတွေရဲ့ လေးပုံ သုံးပုံ ကျော်လောက်က နိုင်ငံ ၁၀ နိုင်ငံ လောက်မှာပဲ ရှိနေသေးတယ်လို့ သူက ပြောခဲ့ပါတယ်။
အစိုးရအားလုံးက ကိုယ့်ပြည်သူပြည်သားတွေကို ကာကွယ်ရမယ်လို့ လည်း သူက ညွှန်ပြ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး ထိုးပေးပြီးရင်၊ ကျန်တဲ့လူတွေကို အကာအကွယ်ပေးဖို့ အကောင်းဆုံး နည်းလမ်းက တခြားနိုင်ငံတွေကို ကာကွယ်ဆေး မျှဝေပေးတာဖြစ်တယ်လို့လည်း မစ္စတာ Tedros က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဦးစားပေးအုပ်စုတွေကို ထိုးပေးပြီးရင်၊ ကာကွယ်ဆေး မျှမျှတတ ဖြန့်ချိရေး သေချာအောင် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မျှမျှတတ ဖြန့်ချိရေး အဖွဲ့အစည်း COVAX Facility ဆီကို ကာကွယ်ဆေး ပေးအပ်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။