အရေးပေါ်အခြေအနေကို အဆင့်လိုက် လျှော့ချသွားဖို့ ဂျပန်အစိုးရက ချင့်ချိန် စဉ်းစား

ဒေသအလိုက် ကူးစက်မှုဆိုင်ရာ အခြေအနေပေါ်မှာ မှုတည်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်တွေကို အဆင့်လိုက် လျှော့ချသွားဖို့ စဉ်းစားမယ်လို့ ဂျပန်အစိုးရက ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ပြန်လည်ပြင်ဆင်ထားတဲ့ ဗိုင်းရပ်စ် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေဟာ လာမယ့်သီတင်းပတ်အတွင်း အသက်ဝင်လာမှာ ဖြစ်ပါတယ်။
တိုကျို၊ အိုစာကာ နဲ့ ခရိုင် ၈ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကို အစိုးရက မတ်လ ၇ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ထားရှိသွားရန် စီစဉ်ခဲ့ပါတယ်။ ဒီကြေညာချက်က သီတင်း ၄ ပတ်ကြာထားရန် ထုတ်ခဲ့တာဖြစ်ပြီး၊ ကနဦးက တနင်္ဂနွေနေ့မှာ ပြီးဆုံးဖို့ စီစဉ်ထားတာပါ။
ကျန်းမာရေးတာဝန်ရှိသူတွေက ကူးစက်ခံရသူအသစ် အရေအတွက် ကျသွားတယ်လို့ ပြောခဲ့ပေမယ့်လည်း အစိုးရရဲ့ အကဲဖြတ်မှုက ကျန်းမာရေးဝန်ဆောင်မှုမှာ ဝန်ထုတ်ဝန်ပိုး ဖြစ်နေသေးတာကြောင့် ဆက်ပြီး သတိထားဖို့ လိုတယ်လို့ ဆိုပါတယ်။
အစိုးရက လူတွေ မလိုအပ်ဘဲ အပြင်မထွက်ရန်၊ နေအိမ်ကနေလှမ်းပြီး အလုပ်လုပ်ဖို့ ကြိးစားပြီး ကူညီပေးရန် ထပ်လောင်း ဆော်သြခဲ့ပါတယ်။
အခြေအနေ ကောင်းလာတဲ့ နေရာတွေမှာ မတ်လ ၇ ရက်နေ့ မတိုင်မီ အရေးပေါ်အခြေအနေကို ရုပ်သိမ်းရန် အစိုးရက စီစဉ်နေပါတယ်။ ဒါပေမယ့် အချို့နေရာတွေမှာ ကူးစက်မှုအရေအတွက် များနေသေးရင် ဒါမှမဟုတ် ကူးစက်မှုအန္တရာယ် ပြန်ဖြစ်နိုင်တာတွေရှိရင် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်တွေကို အဆင့်လိုက်သာ လျှော့ချသွားဖို့ အစိုးရက စဉ်းစားနေပါတယ်။