တရုတ် ရုပ်သံလွှင့်ဌာနရဲ့ လိုင်စင်ကို ဗြိတိန် မီဒီယာ ထိန်းချုပ်ရေး ကုမ္ပဏီ ရုပ်သိမ်း

ဗြိတိန်မှာ တရုတ် နိုင်ငံပိုင် ရုပ်မြင်သံကြား China Central Television (CCTV) ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ နိုင်ငံတကာ ရုပ်မြင်သံကြားလိုင်းရဲ့ ပြသခွင့် လိုင်စင်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ ဗြိတိန် မီဒီယာ ထိန်းချုပ်ရေး အဖွဲ့အစည်း Ofcom က ဆိုပါတယ်။

Ofcom ဟာ China Global Television Network (CGTN) ရဲ့ လိုင်စင်ကို ရုပ်သိမ်းခဲ့တယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
ဗြိတိန်ရဲ့ ရုပ်သံလွှင့်ခြင်းဆိုင်ရာ ဥပဒေတွေက “ရုပ်သံလွှင့် လိုင်စင်ကို ကိုင်ဆောင်သူတွေဟာ သူတို့ ထုတ်လွှင့်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တည်းဖြတ်ရေးဆိုင်ရာ ကြီးကြပ်မှုတာဝန်အပါအဝင် လိုင်စင်ပေးထားတဲ့ ဝန်ဆောင်မှုတွေအပေါ် ထိန်းချုပ်မှု ရှိရမယ်” လို့ Ofcom က ပြောပါတယ်။ “အဲဒီ ဥပဒေတွေအရ လိုင်စင်ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိရဘူး” လို့လည်း ပြောပါတယ်။
CGTN ရဲ့ ဝန်ဆောင်မှုအတွက် လိုင်စင်ယူထားတဲ့ တရုတ် မီဒီယာကုမ္ပဏီဟာ ထုတ်လုပ်ရေးပိုင်းမှာ “တည်းဖြတ်ပိုင်ခွင့်မရှိဘူး” ဆိုတာနဲ့ ဒါကြောင့် အဲဒီ ကုမ္ပဏီဟာ “တရားဝင် ရုပ်သံလွှင့်ခြင်းဆိုင်ရာ လိုင်စင် ကိုင်ဆောင်သူ မဟုတ်ဘူး” လို့ စုံစမ်းစစ်ဆေးမှုတွေအရ ကောက်ချက်ချလိုက်ကြောင်း Ofcom က ဆိုပါတယ်။
သေသေချာချာ စဉ်းစားပြီး အချက်အလက်တွေ အားလုံး၊ ရုပ်သံလွှင့်သူနဲ့ ကြည့်ရှုနားထောင်သူ ပရိသတ်တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ထည့်သွင်းစဉ်းစားပြီးနောက် CGTN ရဲ့ လိုင်စင်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ Ofcom က ပြောပါတယ်။