မစ္စတာ Mori ရဲ့ မှတ်ချက်စကားနှင့်ပတ်သက်တဲ့ကိစ္စ ပြီးဆုံးသွားပြီလို့ IOC က ပြောဆို

တိုကျိုအားကစားပွဲကျင်းပရေး‌ကော်မတီအကြီးအကဲက အမျိုးသမီးတွေနဲ့ပတ်သက်ပြီး လျှာချော်ပြီးပြောဆိုခဲ့တဲ့ကိစ္စကို တောင်းပန်ခဲ့ပြီးဖြစ်တဲ့အတွက် အဲဒီကိစ္စ ပြီးသွားပြီလို့ မှတ်ယူတဲ့အကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ IOC က ပြောဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီ အထူးအစည်းအဝေးမှာ မစ္စတာ Mori Yoshiro က အမျိုးသမီးတွေဟာ စကားပြောတာ ရှည်လွန်းတဲ့အတွက် ဘုတ်အဖွဲ့အစည်းအဝေးတွေဟာ အချိန်ကြာတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ မစ္စတာ Mori က အဲဒီလိုပြောဆိုမှု ဟာ အိုလံပစ်နဲ့ ပါရာလင်းပစ်စိတ်ဓာတ်နဲ့ ဆန့်ကျင်ပြီး မသင့်လျော်ဘူးလို့ဆိုပြီး သူပြောဆိုခဲ့တဲ့မှတ်ချက်စကားကို ကြာသပတေးနေ့မှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
အဲဒီနေ့နှောင်းပိုင်းက သတင်းအစီအစဉ်တစ်ခုမှာ မစ္စတာ Mori ပါဝင်ခဲ့ပြီး အမျိုးသမီးတွေအပေါ် မလေးမစားပြုတဲ့ရည်ရွယ်ချက် မရှိခဲ့ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။
မစ္စတာ Mori ရဲ့ တောင်းပန်ချက် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် IOC က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲဒီကိစ္စဟာ ပြီးဆုံးသွားပြီလို့ မှတ်ယူတယ်လို့ ဆိုပါတယ်။
တိုကျိုအားကစားပွဲမှာ အမျိုးသမီးတွေပါဝင်မှုနှုန်းဟာ ၄၈.၈ ရာခိုင်နှုန်းရှိမယ်ဆိုတာနဲ့ အမျိုးသားနဲ့ အမျိုးသမီးပါဝင်မှုအချိုးအစားဟာ အတူတူနီးပါးရှိတဲ့အတွက် နှစ်ထောင်းအားရဖြစ်မိတယ်လို့ ဆိုထားပါတယ်။