ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှာ တနင်္လာနေ့က အာဏာသိမ်းမှုမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ Barbara Woodward က ကြာသပတေးနေ့က သတင်းကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်က အရေးပေါ်အခြေအနေကြေညာခဲ့တာနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် အစိုးရအရာရှိတွေကို "မတရား ဖမ်းဆီးထိန်းသိမ်းမှု" တွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဟာ "အင်မတန် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြတယ်" လို့ အဲဒီကြေညာချက်ထဲမှာ ဆိုထားပါတယ်။
သတင်းကြေညာချက်တွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ တခြား ကြေညာချက်အမျိုးအစားတွေထက်တော့ ထိရောက်မှု အားနည်းပါတယ်။ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အာဏာသိမ်းမှုကို ရှုတ်ချတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ တောင်းဆိုချက်တချို့ကိုတော့ ဖော်ပြမထားပါဘူး။