မြန်မာစစ်တပ်အာဏာသိမ်းမှုကို ပြစ်တင် ရှုတ်ချကြောင်း ဂျပန် LDP ပါတီ ဆုံးဖြတ်ချက်မူကြမ်း ရေးဆွဲ

ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရေးဆွဲလိုက်ပါတယ်။

LDP လွှတ်တော်အမတ်တွေဟာ သောကြာနေ့က ပူးတွဲကျင်းပတဲ့ အစည်းအဝေးမှာ အဲဒီဆုံးဖြတ်ချက်ကို ပြုစုခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အကြီးအကျယ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပြီး မြန်မာစစ်တပ်ရဲ့ အပြုအမူဟာ ဒီမိုကရေစီရေးလုပ်ငန်းစဉ်ကို နောက်ပြန်သွားနေတယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ ဂျပန်နိုင်ငံဟာ ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ဖို့ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ အဲဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာ မှတ်ချက်ပြု ဖော်ပြထားပါတယ်။ အဲဒီမူကြမ်းထဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရာရှိတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ အထွေထွေရွေး ကောက်ပွဲရဲ့ ရလဒ်ကို ထင်ဟပ်စေတဲ့ ဒီမိုကရေစီကို အခြေပြုတဲ့ နိုင်ငံရေးစနစ်ကို ပြန်လည်ဖော်ဆောင်ဖို့ ဂျပန်အစိုးရက မြန်မာစစ်တပ်ကို တောင်းဆိုဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒီအခြေအနေမှာ ဖြစ်ပေါ်လာမှုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေကို အခြေခံပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပြန်သုံးသပ်သွားမယ်လို့လည်း အဲဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာ ဖော်ပြထားပါတယ်။
LDP ဟာ အဲဒီဆုံးဖြတ်ချက်မူကြမ်းကို သိပ်မကြာခင်မှာ အစိုးရအဖွဲ့ထံ တင်ပြနိုင်ဖို့ စီစဉ်နေပါတယ်။