ဂျပန်မှာ နိုင်ငံခြားသားအလုပ်သမားအရေအတွက် စံချိန်တင် များပြား

နိုင်ငံအတွင်း မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသားအလုပ်သမား အရေအတွက် စံချိန်တင် များပြားလာခဲ့တယ်လို့ ဂျပန့်အလုပ်သမားရေးရာ ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စုစုပေါင်း ၁.၇၂ သန်းရှိခဲ့တယ်လို့ အလုပ်ရှင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံခြားသားအလုပ်သမား မြင့်တက်မှုနှုန်းဟာ ၉.၆ မှတ်အထိ ကျဆင်းသွားပေမယ့် ပမာဏကတော့ ပြီးခဲ့တဲ့နှစ်ကထက် ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
နိုင်ငံအလိုက်ကြည့်ရင် ဗီယက်နမ်အလုပ်သမားတွေက အများဆုံးဖြစ်ပြီး ၄၄၄,၀၀၀ ရှိပါတယ်။ တရုတ်လူမျိုး ၄၂၀,၀၀၀ နဲ့ ဖိလစ်ပိုင်က အလုပ်သမား ၁၈၅,၀၀၀ ရှိပါတယ်။ဗီယက်နမ်ဟာ အဲဒီစာရင်းရဲ့ ထိပ်ဆုံးကို ပထမဆုံးအကြိမ် ရောက်လာတာပါ။
ကျန်းမာရေးစောင့်ရှောက်မှုက အလုပ်သမားငှားရမ်းမှု မြင့်တက်တဲ့နှုန်း အများဆုံးနယ်ပယ်ဖြစ်ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာလနဲ့ နှိုင်းယှဉ်ရင် နိုင်ငံခြားသား၀န်ထမ်း အရေအတွက် ၂၆.၈ ရာခိုင်နှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းက ၁၉ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ဒါပေမယ့် ဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်းမှာတော့ အလုပ်သမားခန့်ထားမှုဟာ အရင်ကထက် ၁.၈ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ်မှာ အစိုးရက အလုပ်ရှင်တွေကို သူတို့လုပ်ငန်းတွေမှာရှိတဲ့ နိုင်ငံခြားသား လုပ်သားအင်အားကို တင်ပြဖို့တောင်းဆိုခဲ့တဲ့ အချိန်ကစပြီး ပထမဆုံးအကြိမ် လျော့နည်းတာ ဖြစ်ပါတယ်။
အဲဒီအချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ဂယက်ရိုက်မှုဟာ လုပ်ငန်းနယ်ပယ်တွေအကြားမှာ သိသိသာသာ ကွဲပြားနေတာကို ပြသနေတယ်လို့ အဲဒီ ၀န်ကြီးဌာနက ဆိုပါတယ်။