COVAX စီမံချက်အတွက် ကာကွယ်ဆေး ၁.၁ ဘီလီယံစာ အိန္ဒိယကနေ ဖြည့်တင်းမယ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁.၁ ဘီလီယံစာ ကို ထောက်ပံ့ဖို့အတွက် Serum Institute of India နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ကုလသမဂ္ဂ က ကျောထောက်နောက်ခံပေးထားတဲ့ စီမံချက်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

COVAX စီမံချက်မှာ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၉၀ ပါဝင်ပါတယ်။ COVID-19 ကာကွယ်ဆေးတွေကို မျှမျှတတ ဖြန့်ဝေနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေက စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။

AstraZeneca နဲ့ Novavax ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေး ၁.၁ ဘီလီယံ စာနဲ့ ပတ်သက်လို့ Serum Institute of India ကုမ္ပဏီနဲ့ ရေရှည်ထောက်ပံ့ရေး သဘောတူညီချက်ကို UNICEF အမှုဆောင်ညွှန်ကြားရေးမှူး Henrietta Fore က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီကုမ္ပဏီက ကာကွယ်ဆေး အမြောက်အများ ထုတ်လုပ်ဖို့အတွက် AstraZeneca နဲ့ Novavax ကုမ္ပဏီတွေနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၂ဘီလီယံစာလောက်ကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးပြီး ဒီနှစ်အကုန်မှာ ကမ္ဘာတဝန်းမှာ ဖြန့်ဖြူးဖို့အတွက် COVAX စီမံချက်မှာ ရည်ရွယ်ထားပါတယ်။
အခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုပါဝင်တဲ့ နိုင်ငံနဲ့နယ်မြေပေါင်း ၁၄၅ ခု ကို ကာကွယ်ဆေးတွေ ဖြန့်ဖြူးဖို့ ဒီစီမံချက်မှာ စီစဉ်ထားပါတယ်။