တိုကျိုအားကစားပွဲတွေအတွက် COVID-19 လမ်းညွှန်ချက် 'PLAYBOOK' ထုတ်ပြန်

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ်အားကစားပွဲတွေမှာ ပါဝင်ကြမယ့် နိုင်ငံတကာ အားကစားအဖွဲ့ချုပ်တွေ လိုက်နာရမယ့် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး လမ်းညွှန်ချက်တွေကို အိုလံပစ်ကျင်းပရေးအရာရှိတွေက ထုတ်ပြန်ခဲ့ပါတယ်။

ပထမဆုံးဖြစ်တဲ့ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်တွေအတွက် "playbook" လမ်းညွှန်ချက်စာအုပ် ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာအုပ်ကို နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ၊ တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ်အားကစားပွဲ ကြီးကြပ်ရေးကော်မတီနဲ့ တခြား အဖွဲ့အစည်းတွေက ပြုစုထားတာ ဖြစ်ပါတယ်။ အားကစားသမားတွေနဲ့ မီဒီယာတွေအတွက်လည်း သီးခြား လမ်းညွှန်ချက်စာအုပ်တွေ ရှိပါတယ်။
နိုင်ငံတကာက လာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကိစ္စအဝဝနဲ့ပတ်သက်ပြီး အဓိက ဆက်သွယ်ဆောင်ရွက်ဖို့ COVID-19 ဆိုင်ရာ ဆက်ဆံရေးအရာရှိတစ်ဦးစီကို ခန့်အပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ဂျပန်နိုင်ငံကို မလာခင် ၁၄ ရက်အတွင်း ကိုယ့်ရဲ့ နေ့စဉ်ကျန်းမာရေးအခြေအနေကို မဖြစ်မနေ စောင့်ကြည့် စစ်ဆေးရမှာ ဖြစ်ပါတယ်။
သူတို့တွေဟာ ဂျပန်ကို လာဖို့ လေယာဉ်မထွက်ခင် ၇၂ နာရီအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပိုး ရှိ မရှိ စစ်ဆေးထားဖို့ လိုအပ်ပြီး ဂျပန်နိုင်ငံအတွင်း ဝင်ရောက်တဲ့အချိန်မှာလည်း နောက်ထပ်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေအနေနဲ့ ဂျပန်မှာ ခွင့်ပြုချက်မရဘဲ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ သွားလာခွင့် မရှိပါဘူး။
ရောက်ရှိလာပြီး ၁၄ ရက်အတွင်းမှာ တရားဝင်သတ်မှတ်ထားတဲ့ အားကစားပွဲကျင်းပတဲ့နေရာတွေနဲ့ တခြား ကန့်သတ်နေရာ တချို့ကိုပဲ တည်းခိုတဲ့နေရာကနေ သွားနိုင်မှာ ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် လိုက်နာဖို့ ပျက်ကွယ်တယ် ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ချိုးဖောက်တယ်ဆိုရင် သူတို့ရဲ့ ID ကတ်နဲ့ အားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်တွေ ရုပ်သိမ်းခံရနိုင်ဖွယ် ရှိပါတယ်။
တာဝန်ရှိသူတွေဟာ နောက်ထပ် လမ်းညွှန်ချက်တွေ ဖြည့်စွက်ပြီး ဒီ"playbook" ကို ဧပြီလထက် နောက်မကျဘဲ ပြင်ဆင်နိုင်ဖို့ စီစဉ်နေပါတယ်။