အမေရိကန်နဲ့ ရုရှား နျူကလီးယားစာချုပ် သက်တမ်းတိုး

အမေရိကန်နဲ့ ရုရှားတို့ဟာ သူတို့ရဲ့ အရေးပါတဲ့ နျူကလီးယား သဘောတူ စာချုပ်ကို နောက်ထပ် ၅ နှစ် သက်တမ်း တိုးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ New START လို့ခေါ်တဲ့ မဟာဗျူဟာလက်နက်လျှော့ချရေးစာချုပ် သက်တမ်းတိုးဖို့ အတွက် လုပ်ငန်းအစီအစဉ်တွေ ပြီးဆုံးခဲ့ပြီလို့ နှစ်ဖက်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
အဲဒီစာချုပ်အရ နှစ်ဖက်စလုံးဟာ တပ်ဖြန့်ထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးတွေကို ၁,၅၅၀ ထက် မပိုအောင် မဖြစ်မနေ လျှော့ချရမှာ ဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တခြား လောင်ချာအရေအတွက်ကိုလည်း ၈၀၀ ထိ ကန့်သတ် ထားရမှာ ဖြစ်ပါတယ်။
ကြေညာချက်တစ်စောင်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က "New START စာချုပ်ကို သက်တမ်းတိုးလိုက်တာဟာ အမေရိကန်ပြည်ထောင်စု၊ အမေရိကန်မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ကမ္ဘာကြီးကို ပိုပြီး လုံခြုံစေမယ်" လို့ဆိုထားပါတယ်။
အမေရိက အနေနဲ့ "တရုတ်ရဲ့ ခေတ်မီတိုးတက်လာတဲ့ နျူကလီးယား လက်နက်တွေရဲ့ အန္တရာယ်ကို လျှော့ချဖို့ လက်နက်ထိန်းချုပ်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်" လို့လည်း သူက ကတိပြု ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ တရုတ်ရဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် နျူကလီးယားစွမ်းရည်တွေ တိုးလာတာနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နျူကလီးယားလက်နက် ထိန်းချုပ်ရေးလှုပ်ရှားမှုမှာ တရုတ်ပါဝင်လာဖို့ အမေရိကန်အစိုးရက တောင်းဆိုလာခဲ့ပေမဲ့ တရုတ်က ငြင်းဆိုနေပါတယ်။