အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပြောကြားချက်အတွက် တိုကျိုအိုလံပစ်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ တောင်းပန်

လူမှုမီဒီယာတွေမှာ ဝေဖန်မှုတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစိုက်မှု ခံခဲ့ရပြီးနောက် အငြင်းပွားဖွယ်ဖြစ်နေတဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ က တောင်းပန်ခဲ့ပါတယ်။

ဒါပေမဲ့ ရာထူးကနုတ်ထွက်ဖို့ မစဉ်းစားထားဘူးလို့ သူက ဆိုပါတယ်။ မစ္စတာ Mori Yoshiro က အခုသီတင်းပတ် အစောပိုင်းက ဘုတ်အဖွဲ့ အစည်းအဝေးမှာ အမျိုးသမီးတွေဟာ စကားများလွန်းလို့ အချိန်သိပ်ကြာတယ်လို့ ပြောခဲ့ပါတယ်။
မစ္စတာ Mori က "ကျွန်တော်ပြောခဲ့တာဟာ မလျော်ကန်ဘဲ အိုလံပစ်နဲ့ ပါရာလင်းပစ် စိတ်ဓာတ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ အဲဒီလို ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေအတွက် အလွန်တရာ နောင်တရမိပါတယ်။ ကျွန်တော်ပြောဆိုခဲ့တာကို ရုပ်သိမ်းလိုပြီး အဲဒီပြောဆိုမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသူတွေကို တောင်းပန်ပါတယ်။" လို့ ပြောခဲ့ပါတယ်။
အဲဒီမှတ်ချက်ဟာ ဗုဒ္ဓဟူးနေ့က ဂျပန်အိုလံပစ်ကော်မတီ အမှုဆောင် အထူးအစည်းအဝေးအတွင်း အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အစည်းအဝေးမှာ အွန်လိုင်းကနေ တက်ရောက်ခဲ့တဲ့ လူတွေအပါအဝင် အစည်းအဝေး တက်ရောက်သူ ၅၀ ကျော်ကို ဘုတ်အဖွဲ့ဝင် အနည်းဆုံး ၄၀ ရာခိုင်နှုန်း အမျိုးသမီးတွေ ဖြစ်စေရေး ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။