လုံခြုံရေးမှာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဖို့ ဂျပန်နဲ့ ဗြိတိန် သဘောတူ

တရုတ်ရဲ့ တိုးချဲ့လုပ်ဆောင်လာနေတဲ့ ရေကြောင်းလှုပ်ရှားမှုတွေကို ဦးတည်ချက်ထားပြီး လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသအတွက် ပူးပေါင်းမှုအားဖြည့်ဖို့ ဂျပန်နဲ့ ဗြိတိန်တို့က သဘောတူခဲ့ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu နဲ့ ကာကွယ်ရေးဝန်ကြီး Kishi Nobuo တို့ဟာ ဗြိတိန်က နိုင်ငံခြားရေးဝန်ကြီး Dominic Raab နဲ့ ကာကွယ်ရေးဝန်ကြီး Ben Wallace တို့နဲ့ ဗုဒ္ဓဟူးနေ့က ၂ နာရီလောက်ကြာအောင် အွန်လိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြားက "two-plus-two အစည်းအဝေး"လို့ အမည်ပေးထားတဲ့ အစည်းအဝေးရဲ့ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။
မစ္စတာ Motegi က နှစ်နိုင်ငံတို့ဟာ အခြေခံ စံချိန်စံညွှန်းတွေ တူညီကြတယ်လို့ ပြောပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာ တရားဥပဒေ စိုးမိုးမှု အားကောင်းစေရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ အရင်ကထက် ပိုပြီး အရေးပါလာနေတယ်လို့ သူက ဆိုပါတယ်။
မစ္စတာ Kishi က ကမ်းခြေစောင့်တပ်ကို လက်နက်ကိုင်ခွင့်ပြုတဲ့ တရုတ်ရဲ့ ဥပဒေသစ်တစ်ရပ်အပေါ် စိုးရိမ်မှုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ နည်းလမ်းတွေနဲ့ ဒီဥပဒေကို မကျင့်သုံးသင့်ဘူးလို့ သူက ပြောပါတယ်။
အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေက အနေအထားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ အနေအထားတွေကို တစ်ဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဝန်ကြီး ၄ ဦးက သဘောတူခဲ့ကြပါတယ်။
ဗြိတိန်ဘက်က အခုနှစ် အနှောင်းပိုင်းမှာ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ကို အရှေ့အာရှဒေသဆီကို စေလွှတ်ဖို့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။ ဂျပန်ဘက်က ဒါဟာ အင်ဒို-ပစိဖိတ် ဒေသ လုံခြုံရေးအတွက် အကျိုးပြုမယ်လို့ ဆိုပြီး အဲဒီလို လာရောက်မှုကို ကြိုဆိုလိုက်ပါတယ်။
ဂျပန့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗြိတိသျှ စစ်တပ်တွေအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ စီစဉ်ခြင်းအားဖြင့် နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်သွားဖို့ လိုအပ်ကြောင်း ဝန်ကြီးတွေက အတည်ပြုခဲ့ကြပါတယ်။