အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေ ဝင်ငွေ အကြီးအကျယ် တိုးခဲ့

အမေရိကန်ရဲ့ နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Amazon နဲ့ Google ရဲ့ မိခင် ကုမ္ပဏီ Alphabet တို့က သုံးလပတ် ဝင်ငွေတွေကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြား စားသုံးသူတွေ အိမ်မှာ အနေများနေတာကြောင့် ဒီကုမ္ပဏီတွေရဲ့ ရောင်းရငွေနဲ့ အမြတ်အစွန်းတွေဟာ တိုးလာခဲ့ပါတယ်။
အောက်တိုဘာလ ကနေ ဒီဇင်ဘာလ အထိ သုံးလပတ်မှာ Amazon က ရောင်းရငွေ အမေရိကန် ဒေါ်လာ ၁၂၅.၆ ဘီလီယံ ရှိပါတယ်။ ဒါဟာ အရင်နှစ်ကထက် ၄၃ ရာခိုင်နှုန်းလောက် တိုးလာတာဖြစ်ပါတယ်။
Amazon ရဲ့ အသားတင် ဝင်ငွေဟာ နှစ်ဆကျော် တိုးလာခဲ့ပြီး သုံးလပတ် ရောင်းရငွေနဲ့ အမြတ်တွေ စံချိန်တင်ခဲ့ပါတယ်။
ဒီအတောအတွင်း Alphabet ကုမ္ပဏီရဲ့ ဝင်ငွေဟာ ၂၃ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၆.၉ ဘီလီယံ ရှိပါတယ်။ အင်တာနက် ကြော်ငြာ ရောင်းအားနဲ့ cloud computing လုပ်ငန်းတွေမှာ စွမ်းဆောင်မှု အားကောင်းနေတာကြောင့် အသားတင် ဝင်ငွေဟာ ၄၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။