ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတု တရုတ် ဖမ်းဆီး

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတုတွေကို ထုတ်လုပ် ရောင်းချခဲ့တဲ့သံသယနဲ့ လူ ၈၀ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က ပေကျင်း၊ Jiangsu နဲ့ Shandong ပြည်နယ်တွေမှာရှိတဲ့ ထုတ်လုပ်ရေး အခြေစိုက်စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၃,၀၀၀ စာ ကာကွယ်ဆေးအတုတွေကို သိမ်းဆည်းခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီ က ထုတ်ပြန်ခဲ့ပါတယ်။
သံသယရှိသူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အဲဒီ ကာကွယ်ဆေးကို ဆားရည်တွေကို အသုံးပြုကာ လုပ်ခဲ့ပြီး မြင့်မားတဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ကာကွယ်ဆေးကို ပြည်ပကို ထုတ်ဖို့ ကြံစည်နေခဲ့ဖွယ်ရှိတယ်လို့ ဆိုတဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး တရုတ် ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်နေတဲ့ အင်္ဂလိပ်ဘာသာ သတင်းစာ Global Times က ဖော်ပြခဲ့ပါတယ်။
အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က အစိုးရအနေနဲ့ ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုကို အထူးအလေးထားနေပြီး ကာကွယ်ဆေးအတု ထုတ်လုပ် ရောင်းချတာတွေကို နှိမ်နင်းသွားမယ်လို့ ပြောခဲ့ပါတယ်။
ကာကွယ်ဆေးအတုတွေ ဖြန့်ချိရောင်းချမှု တားဆီးရေးအတွက် တရုတ်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းက ဥပဒေ ထိန်းသိမ်းရေး အာဏာပိုင်တွေနဲ့ အတူ လုပ်ဆောင်သွားမယ် လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။