ဝူဟန်က ဓာတ်ခွဲခန်းကို WHO ကျွမ်းကျင်သူတွေ သွားရောက်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ဖြစ်ပွားမှုရဲ့ ဇစ်မြစ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရဲ့ ဗဟိုချက်ဖြစ်နေတဲ့ တရုတ်ရဲ့ဓာတ်ခွဲခန်းတစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း WHO က ကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့က သွားရောက်ခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ဝူဟန်မြို့အတွင်း အပြည့်အဝ စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပြီး ရက်တွေအကြာ ဗုဒ္ဓဟူးနေ့မှာ ဗိုင်းရပ်စ်ပိုးဆိုင်ရာ ဝူဟန် သုတေသနဌာနကို ရောက်ရှိခဲ့ပါတယ်။
WHO COVID-19 စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Peter Daszak က အဲဒီဌာနက အရေးပါတဲ့သူတွေနဲ့ တွေ့ဆုံပြီး လိုအပ်တဲ့ မေးခွန်းတွေ အားလုံးကို မေးမြန်းသွားမှာဖြစ်ပြီး အလွန်အကျိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင်တွေဟာ လင်းနို့တွေရှိတဲ့လိုဏ်ဂူတွေထဲမှာ ဗိုင်းရပ်စ်ပိုး ရှာဖွေလေ့လာတဲ့ သုတေသနကို လုပ်ဆောင်နေသူအဖြစ် နာမည်ကျော်ကြားတဲ့ အဲဒီသုတေသနဌာနက အရေးပါတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Shi Zhengli အပါအဝင် တရုတ်သုတေသီတွေနဲ့ တွေ့ဆုံပြီး အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
လင်းနို့တွေမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေကို သုတေသန လုပ်ဆောင်နေတဲ့ အဲဒီဌာနကနေ ကိုရိုနာဗိုင်းရပ်စ်တွေ စိမ့်ထွက်လာတယ်ဆိုပြီး ထရမ့်ပ်အစိုးရက မနှစ်က စွပ်စွဲခဲ့ပါတယ်။ တရုတ်အစိုးရက အဲဒီစွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။