မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်

စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ပြောကြားလိုက်ပါတယ်။

အဖွဲ့ဝင်တွေဟာ အင်္ဂါနေ့က အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အွန်လိုင်းကနေပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener လည်း အဲဒီ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
မြန်မာ စစ်တပ် ခေါင်းဆောင်တွေနဲ့ အနီးကပ် ဆက်ဆံရေးရှိတဲ့ တရုတ်ရဲ့ တောင်းဆိုမှုအရ အစည်းအဝေးကို မီဒီယာတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တာကြောင့် ဆွေးနွေးမှုရဲ့ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
စစ်တပ်ခေါင်းဆောင်တွေက အာဏာသိမ်းမှု မတိုင်ခင်ရက်မှာ အစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ သူ့ကို ပြောကြားခဲ့တာကြောင့် အံ့သြတကြီး ဖြစ်ရတယ်လို့ ဆိုတဲ့ မီးစ် Burgener ရဲ့ ပြောကြားချက်ကို ကုလသမဂ္ဂက ကိုးကားပြောဆိုခဲ့ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာတာနဲ့ အရပ်သား အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တာဖြစ်ပြီး တရားမဝင်ဘူးလို့ မီးစ် Burgener က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဗြိတိန်သံအမတ် Barbara Woodward က အဲဒီအစည်းအဝေးအပြီး တွစ်တာစာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ " ဒီမနက် ကျွန်မ မိတ်ဆွေတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကောင်းကောင်း ကြားသိခဲ့ရတယ်" လို့ ပြောကြားထားပါတယ်။