မြန်မာစစ်တပ် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

မြန်မာစစ်တပ်ဟာ တနင်္လာနေ့က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံကို အုပ်ချုပ်နိုင်ဖို့ အုပ်ချုပ်ရေးစနစ်တစ်ခုကို အလျင်အမြန် ထူထောင်နေပါတယ်။

စစ်တပ်က နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူရွေးကောက်တင်မြှောက်ခံ အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာရပါတီရဲ့တခြား အကြီးတန်းအဖွဲ့ဝင်တွေကို စစ်တပ်က ထိန်းသိမ်းခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အုပ်ချုပ်ရေးကောင်စီသစ်တစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ အင်္ဂါနေ့မှာ စစ်တပ်က ကြေညာခဲ့ပါတယ်။
နိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းတွေကတော့ ပြန်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ စတော့အိတ်ချိန်းက ဗုဒ္ဓဟူးနေ့မှာ ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။ အဲဒီ စျေးကွက်ကို တနင်္လာနေ့ကတည်းက ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ကုန်းကြောင်း၊ ရေကြောင်းတွေကနေ ပုံမှန်ကုန်သွယ်ရေး ပြန်စဖို့ ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ အွန်လိုင်း အကောက်ခွန်စနစ်ကို အင်္ဂါနေ့မှာ ပြန်စတင်ခဲ့တယ်လို့ ဂျပန့်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) ရဲ့ ရန်ကုန်ရုံးက ပြောကြားခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုတွေဟာ အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ဝရုန်းသုံးကား အခြေအနေတွေ အေးချမ်းသွားစေဖို့နဲ့ တည်ငြိမ်မှု ပြန်ထိန်းသိမ်းဖို့ စစ်တပ်ရဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။