SpaceX Crew-2 ကို ဧပြီလ ၂၀ ရက်နေ့ နောက်ပိုင်းမှာ လွှတ်တင်ဖို့ရှိ

အမေရိကန် အာကာသအေဂျင်စီ (NASA) က ဧပြီလ ၂၀ ရက်နေ့ နောက်ပိုင်းမှာ SpaceX ကုမ္ပဏီရဲ့ နောက်ထပ်Crew Dragon ယာဉ်ကို လွှတ်တင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ နိုင်ငံတကာ အာကာသစခန်း (ISS) မှာ တာဝန်လဲလှယ်မယ့် အာကာသယာဉ်မှူး ၄ ဦး ကို အဲဒီယာဉ်နဲ့ တင်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလက ပထမဆုံးလွှတ်တင်ပြီးနောက်ပိုင်း (NASA) နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ SpaceX ကုမ္ပဏီက အဲဒီလွှတ်တင်မှုကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အခု ခရီးစဉ်မှာ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) နဲ့ ဥရောပအာကာသအေဂျင်စီ (ESA) က အာကာသယာဉ်မှူး တစ်ဦးစီနဲ့အတူ NASA အာကာသယာဉ်မှူး ၂ဦးကို အတူ တင်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီလွှတ်တင်မှုကို ဖလော်ရီဒါမှာရှိတဲ့ NASAရဲ့ Kennedy အာကာသစခန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေဟာ ISS မှာ အခုနှစ် ဆောင်းဦးရာသီအထိ နေထိုင်ကြမှာ ဖြစ်ပါတယ်။
SpaceX Crew-2 ခရီးစဉ်နဲ့ လိုက်ပါသွားသူတွေဟာ ဧပြီလအနှောင်းပိုင်း ဒါမှမဟုတ် မေလအစောပိုင်းမှာ ပြန်ရောက်ရှိလာမယ်လို့ ယူဆရတဲ့ Crew-1 အဖွဲ့ဝင်တွေနဲ့ အခိုက်အတန့် အတူရှိကြမှာဖြစ်တယ်လို့ NASA ကပြောပါတယ်။
နိုဝင်ဘာလတုန်းက Crew-1 နဲ့အတူ ISS ကို ထွက်ခွာသွားတဲ့ ဂျပန်အာကာသယာဉ်မှူး Noguchi Soichi နဲ့ Crew-2 က ဂျပန် အာကာသယာဉ်မှူး Hoshide Akihiko တို့ဟာ အဲဒီစခန်းမှာ ရက်အနည်းငယ် အလုပ်အတူ လုပ်ကြမယ်လို့ မျှော်လင့်ရပါတယ်။