ဂျပန်နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးတွေ စီးပွားရေးစိန်ခေါ်မှုတွေ ဆွေးနွေး

ဂျပန် ဘဏ္ဍာရေးဝန်ကြီး Aso Taro နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အတူဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြပါတယ်။

နှစ်နိုင်ငံဝန်ကြီးတွေဟာ တနင်္လာနေ့မှာ တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ မီးစ် Yellen ရာထူးတာဝန် စတင် ယူခဲ့ပြီးနောက်ပိုင်း ပထမဆုံး ဆွေးနွေးမှု ဖြစ်ပါတယ်။ သူတို့တွေဟာ စီးပွားရေး ကနေ ဘဏ္ဍာရေးအခြေအနေနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးအထိ ကိစ္စအမျိုးမျိုးကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲပြီးနောက် မစ္စတာ Aso က သတင်းထောက်တွေကို ပြောကြားရာမှာ နှစ်နိုင်ငံအနေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထားရှိဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ စဉ်ဆက်မပြတ်တဲ့ ဘဏ္ဍာရေး အနေအထားကို ထိန်းထားရင်း သိသာထင်ရှားတဲ့ ဆောင်ရွက်ချက်တွေကနေတစ်ဆင့် လက်ရှိ စီးပွားရေးအကျပ်အတည်းကို စောစောစီးစီး ဖြေရှင်းနိုင်ဖို့ ဦးစားပေးရေးဟာ အရေးကြီးတယ်ဆိုတာကို သူက အလေးထား ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် G7 နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေအကြား တရုတ်နိုင်ငံနဲ့ ဆက်နွယ်တဲ့ ကိစ္စရပ်တွေကို ပူးပေါင်းတုံ့ပြန်သင့်တယ်လို့ မစ္စတာ Aso က ပြောပါတယ်။ အဲဒီကိစ္စတွေထဲမှာ တရုတ်နိုင်ငံက ထုတ်ဖို့ ပြင်ဆင်နေတဲ့ ဒစ်ဂျစ်တယ် ယွမ်ငွေ ကိစ္စအပြင် ဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချရေးစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရုတ်ရဲ့ မူဝါဒတွေလည်း ပါဝင်ပါတယ်။