TPP မှာ ပါဝင်ခြင်းအားဖြင့် အာရှ-ပစိဖိတ် က မိတ်ဖက်တွေနဲ့ နှစ်ဖက်အကျိုးရှိစေမယ်လို့ ဗြိတိန်ဆို

ပစိဖိတ်ဒေသတွင်း စီးပွားရေးမဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (TPP) မှာ ပါဝင်တာဟာ ဗြိတိန်နဲ့ အာရှ-ပစိဖိတ် ဒေသတွင်း သူ့ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေး ဖြစ်လာဖို့ သူယုံကြည်ကြောင်း ဗြိတိန်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက ပြောပါတယ်။

ဗြိတိန်နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး Elizabeth Truss က ဂျပန်စီးပွားရေးပြန်လည်အားကောင်းလာစေရေးဝန်ကြီး Nishimura Yasutoshi နဲ့ တနင်္လာနေ့က ပြုလုပ်တဲ့ အွန်လိုင်းအစည်းအဝေးမှာ အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ အခုနှစ်မှာ TPP ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဲဒီအွန်လိုင်းအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံအတွက် တာဝန်ယူဆောင်ရွက်နေတဲ့ နယူးဇီလန်နိုင်ငံက ကိုယ်စားလှယ် တစ်ဦးလည်း တက်ရောက်ခဲ့ပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ မိတ်ဖက်နိုင်ငံအဖြစ် ပူးပေါင်းဖို့ တရားဝင် တောင်းဆိုခဲ့တယ်လို့ မီးစ် Truss က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီ တောင်းဆိုချက်ကို လက်ခံဖို့လည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။
မစ္စတာ Nishimura က ဗြိတိန်နိုင်ငံဟာ "နိုင်ငံတကာနဲ့ အခြေခံစံညွှန်းတွေ တန်းတူညီမျှရှိပြီး မဟာဗျူဟာမြောက်တဲ့ မဟာမိတ်နိုင်င" ဖြစ်တယ်လို့ ဆိုပြီး ဗြိတိန်ရဲ့ ဒီတောင်းဆိုချက်ကို ကြိုဆိုပါတယ်လို့ ပြောပါတယ်။
ဒါဟာ အာရှ-ပဖိဖိတ်ဒေသကို ကျော်လွန်ပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ အဆင့်မြင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ ချဲ့ထွင်ရေးကို ဦးတည်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့ မစ္စတာ Nishimura က ပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ဗြိတိန်ရဲ့ အဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့လုပ်ငန်းစဉ် ချောချောမွေ့မွေ့ ဖြစ်စေရေး အာမခံနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင် သွားမယ်လို့လည်း မစ္စတာ Nishimura က ပြောပါတယ်။