ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က မြန်မာ စစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ခုမှာ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ထိခိုက်လာနေတာနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရအနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်း မစ္စတာ Motegi က ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အပြည့်အဝ ထောက်ခံခဲ့ပြီး ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လုပ်ဆောင်မှုအားလုံးကို မထောက်ခံကြောင်းလည်း မစ္စတာ Motegi က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီနည်းလမ်းကျ နိုင်ငံရေးစနစ်ကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ဖို့ ဂျပန်အစိုးရက မြန်မာ စစ်တပ်ကို ပြင်းပြင်းထန်ထန် တောင်းဆိုတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။