မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ ပိုမိုချုပ်ကိုင်လာနေ

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပြီးနောက် စစ်တပ်ဟာ အာဏာချုပ်ကိုင်ဖို့ အလျင်အမြန် လုပ်ဆောင်နေပုံရပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အာဏာအားလုံးကို ချုပ်ကိုင်ထားပါတယ်။ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ တခြား ဌာနတချို့ရဲ့ ဝန်ကြီးတွေကိုလည်း အစားထိုးခဲ့ပါတယ်။
စစ်တပ်က တစ်နှစ်ကြာ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပြုခဲ့ပေမဲ့ ဘယ်အချိန်မှာလည်းဆိုတာကိုတော့ မပြောခဲ့ပါဘူး။
နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ စစ်တပ်ရဲ့ သတင်းစကားတွေ အဆက်မပြတ် ထုတ်လွှင့်နေပါတယ်။ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှု သံသယတွေကို စုံစမ်းစစ်ဆေးဖို့ လိုအပ်တာကြောင့် အခုလို အာဏာချုပ်ကိုင်မှုဟာ တရားဝင်တယ်လို့ အဲဒီ သတင်းစကားတွေက ဆိုပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်က မဲပေးမှုတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် မူမမှန်တာတွေ မရှိဘူးလို့ ဆိုပါတယ်။
ရန်ကုန်က လူတွေဟာ အလုပ်သွားလာ၊ ဈေးဝယ်တာတွေကို ပုံမှန် လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ ပိတ်ထားတဲ့ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကို သွားတဲ့ လမ်းတွေမှာ ရဲတွေက အသွားအလာကို ထိန်းချုပ်ထားပါတယ်။
အဓိက အစိုးရအဆောက်အအုံတွေရဲ့ ပတ်လည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို ချထားပါတယ်။
ရန်ကုန်က ဂျပန်စီးပွားရေးသမားတစ်ဦးက စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ "အင်တာနက်နဲ့ တယ်လီဖုန်း အဆက်အသွယ်တွေ ခက်ခဲနေတုန်းပါပဲ။ လုံခြုံရေးနဲ့ စီးပွားရေး အနေအထားတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တကယ် စိုးရိမ်နေပါတယ်။" လို့ ပြောခဲ့ပါတယ်။